Pages

Friday, December 30, 2011

Happy New Year !!!!!


တစ်နေ၀င်လို့
တစ်မိုး ချုပ်
တစ်နှစ်ကုန်လို့
နှစ်သစ်ဝင်
အဟောင်းကို မေ့၍
အသစ်ဆင်
စိတ်ဓါတ်အင်အားပြင်
.........

ငါတို့တော့ 
2011 ကို သမိုင်းမှာ ထားခဲ့ပြီ
မင်းရင်ခုန်တဲ့အခါ
အမှတ်တရ ပြန်ကြည့်ပါ

ငါတို့တော့
2011 ကို လက်ပြနူတ်ဆက်ခဲ့ပြီ
မင်း သတိရတဲ့အခါ
မကြာမကြာ လှည့်ကြည့်ပါ

ငါတို့တော့
2011 ကို တံခါးပိတ်လိုက်ပြီ
မင်း လွမ်းတဲ့အခါ
ရိုရိုသေသေ ဖွင့်ကြည့်ပါ
ငါတို့တော့
2011 ကို မသိချင်ယောင်ဆောင်လိုက်ပြီ
မင်း နဲ့ ပြန်တွေ့တဲ့အခါ
ဖော်ဖော်ရွေရွေ နူတ်ဆက်လိုက်ပါ

ငါတို့တော့ 
2012 ကို ကြိုဆိုလိုက်ပြီ
ဘာတွေ ဖြစ်ဦးမလဲဆိုတာ
အတူတူ စောင့်ကြည့်ကြတာပေါ့ကွာ
..........
အားလုံးအားလုံး Happy New Year ပါခင်ဗျာ ပျော်ရွှင်စရာ နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..”
(12 နာရီ တိတိမှာ တင်ဖို့ကြိုးစားပါသော်လည်း ဥသြများဆွဲနေပါသောကြောင့် အချိန်လွန်မှ တင်လိုက်ရပါကြောင်း :D)

Wednesday, December 28, 2011

ငါသေသွားခဲ့ရင်

ငါသေသွားခဲ့ရင်.. ဆိုတဲ့အတွေးက သေချာတွေးကြည့်ရင် ကြောက်ဖို့ကောင်းပါတယ်။ ဒီဘ၀ကနေသေသွား ရင် ငါဘာဖြစ်သွားမလဲ။ လူပဲပြန်ဖြစ်မှာလား။ ငရဲကိုပဲသွားရမှာလား။ ဒါမှမဟုတ်.. ၀ိဥာဉ်ဘ၀နဲ့ပဲ ဆက်လက် ရှင်သန်သွားရမှာလား။ တွေးရင်တကယ်ပဲ ကြောက်မိပါတယ်။ လူဆိုတာမမြင်နိုင်တဲ့အရာတွေကို တွေး ကြောက်တက်တဲ့ သဘာဝရှိပါတယ်။ ကျွန်တော်အခုတလော supernatural ဆိုတဲ့ နိုင်ငံခြားသရဲဇာတ်လမ်းတွဲ လေးတစ်ခုကို စိတ်ဝင်တစားကြည့်ဖြစ်တယ်။ ဇာတ်လမ်းမှာ ညီအကို နှစ်ယောက်က သရဲဝိဥာဉ်တွေကို လိုက် နှိမ်နှင်းတဲ့ကားပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒီမှာ ၀ိဥာဉ်တွေရဲ့ ဖြစ်တည်မှုက အရမ်းကြောက်ဖို့ ကောင်းတယ်။ လူတွေဟာ သေသွားတယ်။ ကုသိုလ်ထက်၊ အကုသိုလ်က များတဲ့အခါ ငရဲကို သွားရတယ်။ ငရဲ ကပြန်တက်လာတဲ့အခါ သူတို့မှာသွားစရာနေရာမရှိဘူး။ မြန်မာအယူအဆနဲ့ဆိုရင်တော့ ပြိတ္တာတွေပေါ့။ သူတို့ ဟာ သူတို့ရဲ့ဘ၀ကြီးကို ကြောက်လန့်နေတယ်။ ငရဲကို ပြန်မသွားချင်ဘူး။ သူတို့ရဲ့ဘ၀ကို လူတွေကိုပြောပြဖို့ ကြိုးစားတယ်။ ဒါပေမယ့် လူတွေရဲ့ စက်ဆုပ်ရွံရှာတဲ့ ကြောက်လန့်မှုတွေကိုပဲ ရတယ်။ အဲ့ဒီလိုနဲ့ သူတို့ဟာနှစ် ပေါင်းများစွာ ခက်ခဲပင်ပန်းစွာရှင်သန်နေရတယ်။ ထွက်ပေါက်ပိတ်နေတဲ့ သူတို့ဘ၀ကို ဒေါသတွေက အမှောင် ဖုံးပြီး လူသားတွေကို ထွက်ပေါက်အဖြစ်အသုံးချလာကြတယ်။ လူတွေသတ်တယ်။ လူသားတွေကို ၀င်ရောက် ပူးကပ်ပြီး လူ့ဘ၀မှာ ရှင်သန်နေထိုင်ဖို့ကြိုးစားကြတယ်။ ဒါပေမယ့်နောက်ဆုံးမှာ နှိမ်နှင်းခံရတဲ့အခါ ငရဲကို ပြန် ရောက်သွားပြန်တယ်။ ဒီလိုနဲ့ အငြိုးအတေးကြီးမားစွာနဲ့ ငရဲတလှည့်၊ ၀ိဥာဉ်ဘ၀တလှည့်နဲ့ ရှင်သန်နေရရှာ တယ်။ တကယ်တော့ သူတို့ဘ၀ဟာ သနားစရာအတော့်ကို ကောင်းပါတယ်။ အဲ့ဒီမှာ ကျွန် တော်စဉ်းစားမိတယ်။ ကျွန်တော်တို့ သေသွားခဲ့ရင်ကော၊ ဒီလိုထွက်ပေါက်ပိတ်တဲ့ ဘ၀မျိုးကို ရောက်မှာကို တွေးကြောက်မိတယ်။ မြန်မာအယူအဆမှာတော့ အမျှဝေပေးတာ၊ သေသူအတွက် ကုသိုလ်ကောင်းမှု ပြုလုပ် ပေးတာမျိုးတွေ ရှိပေမယ့် အမျှတောင်မခေါ်နိုင်တဲ့ ပြိတ္တာဘ၀မျိုးကို ရောက်သွားခဲ့ရင် ဘယ်လိုဖြတ် သန်းရမလဲ။ ဒါဆို အဖြေက ရှင်းရှင်းလေးပါ။ ရှင်သန်နေထိုင်စဉ်အတွင်းမှာ ကောင်းမှုကုသိုလ်လုပ်ပေါ့။ ဒါ ပေမယ့် လူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘ၀ကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေကြတာပါပဲ။ ကုသိုလ်၊ အကုသိုလ် ဆိုတာကိုလည်း မသိကြပါဘူး။ ဘယ်သူမှလဲ ငါသေသွားခဲ့ရင် ဘယ်ဘုံဘ၀ကို ရောက်သွားမလဲ လို့ တွေးတောပူပန်သူက ရှားပါတယ်။ တကယ်ရင်ဆိုင်ရတဲ့အခါ အဲ့ဒီ အခြေနေကြီးကို လက်ခံနိုင်ပါ့မလား။ ကျွန်တော်ရဲ့ အတွေးခေါ်တွေက ခေါင်ချင်ရင်လည်း ခေါင်နေပါလိမ့်မယ်။ ကျွန်တော်ငယ်ငယ်က တွေးမိတာ တစ်ခုရှိတယ်။ ငါအသက်ကြီးလာလို့ လူကြီးဖြစ်သွားရင် ဘယ်လိုပုံစံမျိုးကြီးနဲ့ နေထိုင်ရမလဲလို့ ခဏခဏ တွေးပြီး ရင်ခုန်မိတယ်။သေခြင်းတရားဟာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုပါ။ တစ်ချိန်ကျရင် ကျွန်တော်တို့ဟာ လူ့သားတွေကို ပြန်ကြည့်ရတဲ့ အနေထားတစ်ခုကို ရောက်ကြရမှာပါ။ တချို့ရှိပါတယ်။ သေသွားတာကို မသိတဲ့အဖြစ်မျိုးတွေ၊ ရက်လည်ဆွမ်းသွပ်ပြီး အမျှဝေမှ ငါသေသွားတာပါလားလို့ ကြောက် လန့်တကြား ဖြစ်ခဲ့ရတဲ့ သူတွေ အများကြီးပါ။ အဲ့ဒီအခါကျ ကုသိုလ်ကောင်းမှုလုပ်ချင်ရင်တောင် လုပ်ခွင့် မရ တော့တဲ့ ဘ၀မျိုး ရောက်ကြရမှာပါ။ ကျန်ရစ်တဲ့ မိသားစုက ကျွန်တော်တို့ကို မေ့မေ့ပျောက်ပျောက်ထား ခဲ့ရင်၊ ကျွန်တော်တို့ ဘယ်လိုဘ၀မျိုးနဲ့ နေထိုင်ရတယ်ဆိုတာကို မသိခဲ့ရင် အဲ့ဒါဟာ ကြောက်စရာကြီးပါ။ အဲ့ ဒီအခါ ခုနက ကျွန်တော်ပြောတဲ့ supernatural ထဲကလို ထွက်ပေါက်မရှိတဲ့ ၀ိဥာဉ်တွေဘ၀ကို ရောက်သွားရ တဲ့အဖြစ်မျိုးကို ရောက်သွားခဲ့ရင် ဆိုပြီး တွေးပြီး ကြောက်နေမိတယ်။ ကျွန်တော်မှာ အဲ့ဒီအတွေးတွေ ၀င်ပြီး ကတည်းက နေခြင်းညခြင်း သေတော့မဲ့လူလိုပဲ ကောင်းမှုကုသိုလ်တွေကို တတ်နိုင်သလောက် ရှာကြံပြီး လုပ်နေမိတာပါပဲ။ ခင်ဗျားတို့ကိုလည်း နည်းနည်းတော့ သတိရှိစေချင်ပါတယ်။ ဗုဒ္ဓဘုရားဟောခဲ့သလိုပါပဲ လူဆိုတာ ကွေးသောလန့်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ သေသွားနိုင်ပါတယ်။ အဲ့ဒီတော့ ငါသေသွားခဲ့ ရင် ဆိုတဲ့ အတွေးကို နည်းနည်းလောက်တော့ တွေးကြည့်သင့်ပါတယ်။

Saturday, December 24, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)

 ဒီဇင်ဘာ ပိတ်ရက်ကို ဘာလုပ်ကြမလဲတဲ့။ သမီးစံက တဂ်လေးတစ်ခုပေးတယ်။ ငယ်ငယ်တုန်းကတော့ ဒီဇင်ဘာဆို ကျောင်းဆယ်ရက်ပိတ်တယ်။ အဲ့ဒီတုန်းကတော့ ပျော်စရာကြီးပေါ့။ ကျောင်းတက်ရတာ ပျင်းတဲ့သူတွေအတွက် ကျောင်းပိတ်တယ်ဆိုတာ ထီပေါက်သလိုပါပဲ။ မနက်ဖြန်ကျောင်းပိတ်ပြီ ဆိုတာနဲ့ ဒီနေ့ ညနေကို အိမ်ပြန်ရောက်တာနဲ့ အကျီ င်္ မလျှော်တော့ဘူး။ အိမ်ရောက်တာနဲ့ လွယ်အိတ်ချပြီး ဘောလုံး သွားကန်တော့တာပဲ။ မိုးချုပ်ခါနီးမှ အိမ်ကိုပြန်၊ ပြီးတာနဲ့ ပြန်ထွက် တညလုံးကို ဆော့တော့တာပဲ။ အဲ.. ည (၁၀)နာရီ၊ (၁၁) နာရီလောက်မှ အိမ်ပြန်တယ်။ ရေချိုးထမင်းစားပြီး တန်းအိပ်တော့တာပဲ။ မနက်ရောက်ရင် အတော်ကြီး နေမြင့်မှ ထတယ်။ ကျောင်းပိတ်တယ်လေ..အေးဆေးပဲ။ အဲ့ဒါက မူလတန်း၊ အလယ်တန်း ကျောင်းသား ဘ၀လောက်က ပျော်ရွှင်မြတ်နိုးစရာ အချိန်လေးတွေပေါ့။ ကိုးတန်း၊ ဆယ်တန်း ရောက်ရော.. ဆော့ဖို့မပြောနဲ့  -င် ယားလို့တောင် ကုတ်အားဘူး။ နေရာမှတ်ပြီး အားမှ ပြန်ကုတ်ရတယ်.ဟီးဟီး။ အားအားရှိ စာတွေပဲ ဖိကျက်နေရတယ်။ ကျောင်းတက်ရက်ဆို အချိန်ပြည့် ကျောင်းတက်၊ ကျောင်းပိတ်ရင် ကျူရှင်တက်.. တကယ်ကို စိတ်ပျက်စရာဘ၀။ ရည်းစားလေး ဘာလေး ရှိတဲ့သူတွေကတော့ ကျောင်းတက်ရင် ပျော်လို့...၊ရည်းစားဆိုလို့ အိပ်မက်ရင်တောင် ယောင်စရာ မရှိတဲ့ ကိုယ်တို့လို နလပိန်းတုံးကတော့ကျောင်းတက်ရတာခြင်္သေ့ပါးစပ်ထဲခေါင်းဝင်ပြီးသွားကြားထိုး ပေးရသလိုပဲ.. ကြောက်လန့်စရာကြီးကို ဖြစ်လို့..။ တက္ကသိုလ်ရောက်တော့ ပိုဆိုး၊ သူများ ဒီဇင်ဘာလည်း ကိုယ့်မှာကျောင်းတက်၊ ဒါပေမယ့် ဆယ်တန်းလောက်တော့ မဟုတ်တော့ဘူး။ ပိုပြီးတော့ လွတ်လပ်လာတယ်။ တကယ်တော့ ကျောင်းသာမပိတ်တာပါ၊ ကျွန်တော်တို့အတွက်ကတော့ ပိတ်တဲ့ အတိုင်းပဲ ဟီး..။ ခရစ်စမတ်ဆိုလည်း ဒီအတိုင်းပဲ။ သိပ်ပြီးတော့ အမှတ်တရ မရှိဘူး။ တစ်ခါတစ်လေ ခရစ်စမတ်က ဒီဇင်ဘာလမှာ ဆိုတာကိုတောင် မေ့နေတယ်။ အံ့ရော..။ ဒီနှစ်ဒီဇင်ဘာ ပိတ်ရက်မှာ တစ်ခုခုလုပ်ဖို့ စဉ်းစားထားတယ်။ ဘာလုပ်မလဲဆိုတော့။ အရင်ဆုံး အကျီ င်္တွေ လျှော်မယ်။  ရေချိုးခန်း သန့်ရှင်းရေးလုပ်မယ်။ပီးရင်ဟိုရောက်ဒီရောက်စာအုပ်လေးတွေစုပြီးစင်လေးနဲ့ထားမယ်။အွန်လိုင်းခဏခဏတက်မယ်။ ဂိမ်းဆော့မယ်။အခွေကြည့်မယ်။ဂစ်တာတီးမယ်။ဝက်ဝက်ကွဲအောင်အိပ်ပစ်မယ်။မုန့်ဖိုးများများတောင်းပြီးအိမ်လည်မယ်။ ကောင်းကောင်းအိပ်မယ်။ ကောင်းကောင်းစားမယ်။ ဒီဇင်ဘာပိတ်ရက်ကတော့လုပ်စရာဒါအကုန်ပဲ။အားကျပြီးတော့လိုက်မလုပ်နဲ့နော်..ဟီးဟီး။လက်ကမြင်းပြီး မေးခွန်းလေးတွေလည်း ဖြေထားတယ်။


♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
လွန်ခဲ့တဲ့ တစ်နှစ်ကတော့ ခရစ်စမတ်ရောက်ခါနီးမှာ ဘီအမ်စီးရင် နှစ်ခါတောင် ခုံပေါ်က ပြုတ်ကျဖူးပါတယ်။ ပြီးတော့ သရဏဂုံရွတ်ပြီး အိမ်အထိဒူးတုန်စွာ စီးခဲ့ဖူးပါတယ်။( မပျော်ရွှင်ပေမယ့် စိတ်တော့ တော်တော်လှုပ်ရှားတယ်..:D)

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
ဒီနှစ်မှာ လုပ်ဖို့စဉ်းစားထားတယ်။ အိမ်ထဲမှာ အဲကွန်းကို အမြင့်ဆုံးဖွင့်ထားမယ်။ အိမ်ပတ်ပတ်လည်မှာ ပန်ကာ အလုံးနှစ်ရာလောက်နဲ့ လေပေးထားမယ်။ ပြီးရင် အိမ်ထဲမှာ သဲပုံလေးကို ဆေးအဖြူသုတ်ပြီး၊ ခရစ်စမတ်အလံလေး စိုက်မယ်။ အနွေးထည် ထူထူလေး ၀တ်ပြီး အဲ့ဒါလေးနဲ့ ဓါတ်ပုံရိုက်မယ်..(ပျော်စရာကြီး..ဟီးဟီး)

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
ကုလားကြီးနဲ့ အရာကြီးကတော့ အတူတူပါပဲ။ ဒါပေမယ့် နှင်းပါတဲ့ ခရစ်စမတ်ကို ပိုကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးတော့ ပိုသောက်လို့ကောင်းတာပေါ့..(၀ါသနာတူများရှိပါက အကြောင်းကြားရန်..:P)

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။ 
စရိတ်ခံမယ်သူရှိရင်တော့ ခရီးထွက်တတ်ပါတယ်။ ခရစ်စမတ်ပိတ်ရက်ကိုတော့ မြန်မာလူမျိုးတွေရဲ့ ထုံးစံအတိုင်း အခါကြီးရက်ကြီးမှာ ချီးယားလုပ်ပြီး ဖြတ်သန်းမယ်။

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ထူးထူးခြားခြားတော့ မပေးဖြစ်ဘူး။ မနှစ်ကတော့ သူငယ်ချင်းတစ်ယောက်အဖေ အသုဘမှာ ပန်းခွေလေးတော့ လက်ဆောင်ပေးဖြစ်တယ်။ ဒီနှစ်မှာလည်း ဘလောဂ့်ဂါတွေထဲက ကျွန်တော်လက်ဆောင်ကို လိုချင်ရင် ဆက်သွယ်လို့ရတယ်နော်..။

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။ 
သိပ်မရှိပါဘူး။ ကောင်မလေးတစ်ယောက်ကိုတော့ အမျိုးသမီးအိမ်သာရှေ့မှာ ရည်းစားစကားပြောဖူးတယ်။

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။ 
ချစ်လှစွာသော အဲဗာတန် အချိုရည်(chang)၊ တော်ဝင် ကလပ်၊ တော်ဝင် ဂရန်း ၊ တက္ကသိုလ်ကိုဇေ (ဇေယျဝတီ) နဲ့ သူငယ်ချင်းအပေါင်းတို့နှင့် အတူတူရှိချင်ပါတယ်။ အမြည်းကောင်းကောင်းလည်း ပါသပေါ့လေ..:D

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။ 
countdown တော့ မလုပ်ပါဖူး။ ငါးခြောက်ထောင်းတော့ စားဖူးတယ်။

♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော် ပြ ပေး ပါ။
ဘယ်နေရာမှာပဲ ဖြစ်ဖြစ် နှစ်သစ်က ကုန်မှာပဲဟာ။ နှစ်သစ်ကို ကြုံတဲ့ နေရာမှာ ကုန်လိုက်တာပဲ။ တခါတလေ အင်းအင်းပါရင် ဟတ်ပီးနယူးရီးယားလို့လည်း အော်ခဲ့ဖူးတာပဲ။ တခါတလေ အံဖတ်အဆို့လွန်သွားလို့ 12 နာရီကျော်တာတောင် မသိတဲ့အဖြစ်မျိုးတွေလည်း ရှိခဲ့ပါတယ်။ အလည်အပတ်အစီအစဉ်ကတော့ မရှိပါဘူး။ ရှိလည်း မသွားပါဘူး။ ပိုက်ဆံချွေတာပါတယ်။

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော် တတ် ပါ သ လဲ။
အဲ့ဒါကတော့ ငယ်ငယ်ကတည်းက လုပ်ဖြစ်တယ်။ နှစ်သစ်ကုန်ရင် နှစ်ဟောင်းကို ပြန်ကြည့်တယ်။ ငါဘယ်လိုတွေ လုပ်ခဲ့လဲ။ ရှေ့ဆက်ငါဘယ်လိုလုပ်မလဲဆိုပြီး အစီအစဉ်အမြဲတမ်းချတယ်။ နောက်ပြီးတော့ အဲ့ဒါတွေကို မေ့ပြီး အရင်တိုင်းပြန်နေတယ်။

♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
သူငယ်တန်းကနေပြီး အထက်တန်းအထိ ကျောင်းကို မြန်မြန်ပြီးစေချင်တာပဲ။ လွမ်းလည်း မလွမ်းဘူး။ တက္ကသိုလ်ရောက်တော့မှ (ဟိုဒင်း၊ဒီဒင်းလေးတွေနဲ့တွေ့တော့မှ) ကျောင်းကို ပြီးစေချင်တော့ဝူး။ ကျောင်းကို ကြာကြီး တက်ချင်တာပဲ တိတော့တယ်။

♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိ ပါ သ လား။ 
မရှိပါဘူး။ ကိုယ်လည်း မပို့ဘူး။ ကိုယ့်လည်း ဘူမှ ပို့ကြဘူး။(အရမ်းကို အားငယ်တာပဲသိလား..ဂယ်ပြောတာ)

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
တစ်နှစ်မှာတစ်ခါသာကြုံတဲ့ပွဲမို့လို့(ဘယ်ပွဲမှာတစ်နှစ်မှာ နှစ်ခါမကြုံပါဘူး..ဟီးဟီး)၊ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ နောက်တစ်ခုကတော့ တစ်နှစ်ကို မကြည့်ပါနဲ့ ၊တစ်လကို မကြည့်ပါနဲ့၊ တစ်ပတ်ကို မကြည့်ပါနဲ့၊ ဒီနေ့တစ်ရက်ကိုပဲ အကောင်းဖြတ်သန်းပါလို့ တိုက်တွန်းချင်ပါတယ်။ ပြီးတော့ တစ်နေ့တာလုံးကိုယ်ဘယ်လောက်တိုးတက်လာသလဲဆိုတာကိုလည်းအမြဲတမ်းဆန်းစစ်ကြည့်သင့်ပါတယ်။(ဟိုက်ရှားပါး..ဖြီးလို့ကောင်းလိုက်တာ..ဟီးဟီး)

(ပို(စ်)့လေးက ခရစ်စမတ်မတိုင်မီကတည်းက ရေးထားတာ။ ဒါပေမယ့် အဲ့ဒါလေးပဲ ပြန်တင်ပေးလိုက်ပါတယ်။)

Wednesday, December 21, 2011

အမှောင်

ကိုယ်က
အမှောင် တစ်ကောင်ပါ
တစ်ခါမှ 
လင်းလက်ဖို့တောင်
မကြိုးစားခဲ့ပါဘူး
မင်းရဲ့
အလင်းချိုချိုကလေးတွေ
ကိုယ့်ကို မျှဝေ
နွေးထွေးပေးပါ
အလင်း နတ်သမီးလေးရေ
မင်းရင်တွေ မွန်းကြပ်တဲ့အခါ
အိမ်ကို ပြန်ခဲ့ပါ
ဆက်သွားဖို့ လမ်းပျောက်တဲ့အခါ
အိမ်ကိုပြန်ခဲ့ပါ
အရာအားလုံး မင်းဆုံးရှုံးသွားတဲ့အခါ
အိမ်ကိုပြန်ခဲ့ပါ
ကိုယ်ဟာ ငြိမ်သတ်တိတ်ဆိတ်စွာ
အမှောင်ထုတစ်ခုနဲ့
စောင့်နေမှာ
ကိုယ်က အမှောင် တစ်ကောင်ပါ
တစ်ခါမှ လင်းလက်ဖို့တောင်
မကြိုးစားခဲ့ဖူးပါဘူးကွာ

.................

Monday, December 19, 2011

ဆံပင်ညှပ်ရင် သတိထား

 တစ်နေ့က ဂစ်တာတီးဖို့အတွက် သီချင်းစာအုပ်သွားဝယ်တယ်။။ထူးအယ်လင်းနဲ့ မီးမီးခဲရဲ့ မင်း ဆိုတဲ့ သီချင်းလေးကို ကြိုက်လို့တီးချင်တာနဲ့ သွားဝယ်ဖြစ်တာ။ သီချင်းစာအုပ်ဆိုင်က ဆူးလေဘုရားနားမှာ။ စာအုပ် တွေကလည်း သိပ်မစုံပါဘူး။ ဟိုကြည့်ဒီကြည့်နဲ့ ရှာကြည့်တာ မတွေ့ဘူး။ အဲ့ဒါနဲ့ ဆိုင်ရှင်အမကြီးကို မေးကြည့် တယ်။ အမ ဆန္ဒ ရှိလားလို့..မေးမိတယ်။ အဲ့အမကြီးက ကျွန်တော့်ကို မျက်လုံးကြီးပြူးပြီး ဘာပြောတာလဲတဲ့။ကျွန်တော်လည်းကြောင်သွားတယ်။မကြားဘူးထင်တာနဲ့နောက်တစ်ခေါက်ထပ်ပြောတယ်။ အမ ဆန္ဒ ရှိလား လို့..။ ပြီးမှ ကိုယ့်စကား ကိုယ်သတိရသွားပြီး ထူးအယ်လင်းနဲ့မီးမီးခဲရဲ့ ဆန္ဒ အခွေကိုပြောတာပါလို့ မနည်းကြီး ရှင်းပြလိုက်ရတယ်။ အဲ့ခါကျမှ ကျွန်တော့်ကို ဘုကြည့်ကြည့်ပြီး မရှိဘူး ခပ်တင်းတင်းကြီးပြောလွှတ်တယ်။ တော်သေးတာပေါ့ ရိုက်မလွှတ်တာ။
       ဟိုတစ်နေ့ကလည်း လေးဆယ်ခြောက်လမ်းကို ကျူရှင်သွားအပ်တယ်။ ပြန်လာတော့ ဒေါက်တွေ ရှည်နေတာနဲ့ ၀င်ညှပ်မယ်ဆိုပြီး ခေါင်းညှပ်ဆိုင်သွားတယ်။ ဆိုင်ရောက်တော့ သူက ဘယ်လိုညှပ်မလဲတဲ့။ ကျွန်တော်ကလည်း ဦးလေး ဒီဒေါက်တွေကို နည်းနည်းတိုမယ်ဗျာလို့ ပြောလိုက်တယ်။ အဲ့မှာ သူက ကတ်ကြေး နဲ့စညှပ်တော့တာပဲ။ ကတ်ကြေးနဲ့ညှပ်တော့ ဆံပင်တွေက တုံးတိတိကြီးတွေ ဖြစ်နေတယ်။ မသိရင် ဆိုင်ကယ် ဦးထုပ်ကိုပဲ အပြင်က ကာဗာချွတ်ပြီး ဆောင်းထားသလိုလို၊ အုန်းမှုတ်ခွက်ပဲ ခေါင်းပေါ်တင်ထားသလိုလိုနဲ့ တော်တော် ကြည့်ရဆိုးတာ။ အဲ့ဒါနဲ့ ဦးလေး ကတ်ကြေးနဲ့ မညှပ်နဲ့တော့ စက်နဲ့သာ တွန်းလိုက်တော့ဗျာလို့ ဆို ပြီး ကျွန်တော်က နားထင်ကို လက်နဲ့တွန်းတဲ့ ပုံလုပ်ပြလိုက်တော့ သူကရယ်ပြီး အော်..ဟိုကေလားတဲ့။ ကျွန်တော်လည်း အင်း လို့ခေါင်းညိတ်လိုက်တယ်။ သူသဘောပေါက်မယ်ထင်တာပေါ့။ သူက သူ့စက်ကို သန့် ရှင်းရေး လုပ်သေးတယ်။ပြီးမှ ကျွန်တော်ခေါင်းကို ကိုင်ပြီးတွန်းတင်လိုက်တာ ငယ်ထိပ်ပြောင်ထွက်သွားတယ်။ ကျွန်တော်လည်း အလန့်တကြားနဲ့ ဟာ ဦးလေး ဘာလုပ်တာလဲလို့ဆိုတော့ ဟာမင်းပဲ ကတုံးကေဆိုကွတဲ့။ သေရောဗျာ။ ကျွန်တော်လည်း မထူးပါဘူး ဆိုပြီး တုံးဗျာ..လို့လွှတ်ပေးလိုက်တော့တယ်။ ဆံပင်ညှပ်ဆိုင်က ထွက်တော့ ဟိုလူကြည့် ဒီလူကြည့် နဲ့မျက်နှာကို ချိုင်း ကြားထဲပဲ ထည့်ထားရတော့မလိုလို၊ လွယ်အိတ်ကို ခေါင်းစွပ်ရတော့မလိုလိုနဲ့ ရှက်လိုက်တာ ပြောမနေ ပါနဲ့တော့ဗျာ။ အဲ့ဒီတော့မှာ သြော်... ပြန်ပြုပြင်လို့မရတဲ့ အမှားထဲမှာ ဆံပင်ညှပ်တာလည်းပါတာကိုးလို့ အတွေးပေါက်မိတော့တယ်။ ကျွန်တော်အဖြစ်ကတော့ ထူးအိမ်သင်ရဲ့ တစ်နေ့စာ အလွဲများလိုပဲ လွဲပြီးရင်း လွဲ နေတော့တာပါပဲ။

Sunday, December 18, 2011

ကျွန်တော်နှင့် အချစ်ကံကြမ္မာ

 ကျွန်တော်က အချစ်ရေး ကံခေပါတယ်။ ပြောရရင် ရင်နာဖို့ကောင်းပါတယ်။ ကျွန်တော်ခြောက်တန်းလောက် မှာကောင်မလေး တစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိပါတယ်။ အဲ့ဒီတုန်းကတော့ သူက ကျောင်းမှာ အချော ဆုံးပေါ့။ ကြိုက်တဲ့ကောင်တွေကလည်း ထောင်လမောင်းကို ထနေတာပဲ။ သူကလည်း ဖလန်းဖလန်းကို ဖြစ်နေ တာပဲ။ ကျွန်တော်တို့ သူငယ်ချင်း လေးယောက်ရှိတာ သုံးယောက်က သူနဲ့ တစ်နှစ်ကို တစ်ယောက် ကြိုက်တယ်။ ခြောက်တန်းမှာ တစ်ယောက်ကြိုက်တယ်။ ခုနှစ်တန်းမှာတစ်ယောက်ကြိုက်တယ်။ရှစ်တန်းမှာတစ်ယောက်ကြိုက်တယ်။ကျွန်တော့်အလှည့် ရောက်တော့ ကျွန်တော်ကျောင်းပြောင်းရတယ်။ရင်ထဲမှာနာလွန်းအားကြီးလို့ငါးရက်လောက် ဘောလုံးပစ်ကန်ပလိုက်တယ်။ အဲ့လိုနဲ့ကိုးတန်းရောက်တယ်။  ရောက်ရောက်ခြင်းမှာပဲ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားတယ်။  ဟင့်.. ကံများမကောင်းခြင်းတော့ သူ့မှာ ရည်းစားရှိတယ်တဲ့။ အသေအလဲကို ကြေကွဲရတာ။ သြော်.. စကား မစပ် တစ်ခါတလေတော့လည်း ကံကောင်းတတ်ပါတယ်။ ခုနကကောင်မလေးကို ကျွန်တော်ကြိုက်တော့ အံမာသူ့ညီမကကျွန်တော့်ကိုလိုက်ကြိုက်တယ်။လက်စားများချေတာလားမသိဘူး။ဆယ်တန်းရောက်တယ်။
ကျွန်တော့်ကောင်မလေး သူ့ဘဲဘဲ နဲ့ပြတ်သွားတယ်။ ၀မ်းသာလိုက်တာ ပြောမနေပါနဲ့..ဟီးဟီ။ ကျူရှင် အတူတူ တက်ရအောင် ဖန်ပြီးတော့ ရည်းစားစကားလည်း ပြောမယ်လုပ်ရော ဆရာက သိသွားပါရော။ ဒီလောက်အရေး ကြီးတဲ့ စာမေးပွဲမှာ ဒီပေါက်ကရအလုပ်တွေ လုပ်ရမလားဆိုပြီးဆူပါလေရော။ သူကျတော့ မိန်းမယူပြီး သူများရည်းစားလေးတစ်ယောက် ထားတာကို ပေါက်ကရအလုပ်တဲ့..ဟွန်း။ အဲ့လိုနဲ့ပဲ.. အီလည်အီ လည်ကြီးနဲ့ ဇာတ်လမ်းပြီးသွားတယ်။ မြန်မာစာဆရာမက ကျွန်တော့်ကို ဗေဒင်ဟောတယ်.. သား..နင်က မေတ္တာရေးကံမကောင်းဘူးတဲ့..။ဆရာမနဲ့ အတူတူပဲတဲ့။ ဆရာမ ယောကျာ်းက ဆိုးလိုက်တာ ပြောမနေပါနဲ့။ အချိန်ရှိသရွေ့မူးရူးပြီး ဆရာမကို နှိပ်စက်တာ။ ဒင်းလည်း ကြာကြာမခံပါဘူး။ ဂန့်တာပါပဲ။ ဒါပေမယ့် ကျွန်တော်စိုးရိမ်သွားတယ်။ ဆရာမနဲ့အတူတူပဲ ဆိုတော့ တော်ကြာ ကျွန်တော်မိန်းမက အရက်တွေဘာတွေ သောက်ပြီး ကျွန်တော့်ကို နှိပ်စက်ရင် ဒုက္ခပါပဲလို့ တွေးမိတယ်။
 ကျွန်တော်က အချစ်ရေးမှာ ကံခေပါတယ်။ တက္ကသိုလ်မှာ ကောင်မလေးတစ်ယောက်ကိုကြိုက်တယ်။ သူက ပြန်ကြိုက်မလိုလိုနဲ့ ရည်းစားရှိတယ်ဆိုပြီး ငြင်းတယ်။ တော်တော် ရက်စက်တဲ့ မုဆိုးတပိုင်း မိန်းမရိုင်းကြီး ။ သူငယ်ချင်းတွေက ပြောတယ်။ မိုးနင်း မင်း နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်တဲ့။ မင်းတော့အချစ်ရေးမှာကံခေမယ်တဲ့။ သေချင်းဆိုးက တမှောင့်။ ငိုချင်ရက် လက်လာတို့နေတယ်။ ဗေဒင် တွေလိုက်ဖက်တော့လည်း အကုန်ကောင်းနေတယ်။ လက်တွေ့မှာတော့ သောက် တလွဲကြီးပဲ။ အဲ့အကြောင်းကို အခုပြော၇င် အခုငိုချင်တယ်။ လာကြိုက်တဲ့ ကောင်မလေးတွေတော့ ရှိပါတယ်။ ပုံဆိုးပန်းဆိုး ကြီးတွေ။ မပြောချင်ဘူး။ ဟို..ချောကလက် ကျူးပစ်က မျက်စိသိပ်မကောင်းဘူးလား မသိဘူး။ ။ သူများကို လှလှလေးတွေ မရှာပေးဘူး။ ဒင်းအလှည့်ကျရင် ပိုးစိုးပက်စက်တွေနဲ့ ရပါစေဗျာ။ အဲ့အကြောင်းကို အခုပြောရင် အခုငိုချင်တယ်။ တကယ်ပါဗျာ။ ကျွန်တော်က အချစ်ရေးမှာ ကံခေပါတယ်။

Friday, December 16, 2011

အကောင်းမြင်ဝါဒ

    ဒီနေ့တော့ သူထူးထူး ခြားခြားလေး တစ်ခုတော့ လုပ်ချင်စိတ်ဖြစ်မိတယ်။ ဘာလုပ်ရင်ကောင်းမလဲလို့ သူစဉ်းစားတယ်။ ဒါနဲ့ ခြံစည်းရိုးက ပုဏ္ဏရိပ်ပန်းလေးတွေကို သူသတိရသွားတယ်။ သူတို့ကို အလှဆင်ရင် ကောင်းမယ်။ ခြံလေးလည်း လှသွားမယ်။ မြင်ရတဲ့သူတွေလည်း စိတ်ချမ်းသာသွားမယ်။ အဲ့ဒါနဲ့ သူကတ်ကြေးတစ်လက်ကို ရှာပြီး ပန်းတွေကို အလှဆင်တယ်။ ပထမဆုံး ဘယ်လိုပုံစံမျိုးလေး လုပ်ရင် ကောင်းမလဲလို့ သူစဉ်းစားတယ်။ ပုပုလေးလား။ ၀ိုင်းဝိုင်းလေးလား။ ဒါမှမဟုတ် ပစ္စည်း တစ်ခုခု ရဲ့ပုံစံလေးဆိုရင်လည်း ကောင်းတာပဲ။ သူအမျိုးမျိုးစဉ်းစားတယ်။ နောက်ဆုံးတော့ သူအဖြေတစ်ခု ရတယ်။ စဉ်းစားနေရုံနဲ့ မပြီးဘူး။ တစ်ခုခုလုပ်မှ ပြီးမယ်။ ဒါနဲ့ပဲ သူစတင်ပြီး အလှဆင်တယ်။ ကတ်ကြေးတစ်လက်နဲ့ ဖြတ်တယ်။ ညှပ်တယ်။ လှီးတယ်။ ဟိုနားတိတယ်။ ဒီနားတိတယ်။ တစ်ဖြည်းဖြည်းနဲ့ သူလိုချင်တဲ့ ပုံစံလေး ပေါ်လာတယ်။ ဆွမ်းအုပ်ပုံလေး။ လှတော့လှပါတယ်။ ဒါပေမယ့် သူအိမ်က ဘုန်းကြီးကျောင်းလိုလို၊ ဘာလိုလိုဖြစ်သွားမယ်။ လူတွေကလည်း ၀ိုင်းလှောင်ကြဦးမယ်။ ဒါဆို နောက်ပုံစံတစ်ခု ပေါ့။ ဘာပုံလေးဆို လှမလဲ။ ငှက်ပုံစံလေး ဆိုတော်တော်လှမယ်။ သူညှိတယ်။ တိတယ်။ ဖြတ်တယ်။ ပြီးသွားတယ်။ ငှက်နဲ့မတူဘူး။ ၀က်လိုလိုဘာလိုလိုကြီးဖြစ်သွားတယ်။ သူ စိတ်ညစ်သွား တယ်။ ငါတော့ အလှောင်ခံရပါပြီလို့ သူတွေးမိတယ်။ မထူးပါဘူးလေ။ နောက်တစ်ခုပေါ့။ ထီးပုံစံလေးနဲ့ဆို ပိုအ ဆင်ပြေမယ်ထင်တယ်။ ကြာပါတယ်။ လှီးတယ်။ ဖြတ်တယ်။ ညှပ်တယ်။ တိတယ်။ ဟိုပုံညှပ်၊ ဒီပုံညှပ်နဲ့ဆိုတော့ ပန်းအုံက တော်တော်လေးသေးသွားပြီ။ အဲ့ဒီတော့ ထီးကသေးသေးလေးလေး ဖြစ်သွားတယ်။ ပန်းအုံတွေ အများကြီးထဲမှာ ဒီပန်းအုံက ထီးပုံစံသေးသေးလေးနဲ့ ဘယ်လိုမှ ကြည့်လို့မလှဘူး။ လူတွေက ဒါကိုမြင်ရင် သူ့ကို ဘယ်လိုပြောကြမလဲ။ လင်းလင်းတို့။ ဖိုးတာတို့က သိပ်လှောင်တဲ့ ကောင်တွေ။ သွားပါပြီ။ သူထပ်ညှပ်တယ်။ ထပ်တိတယ်။ တဖြည်းဖြည်းနဲ့ ပန်းအုံလေးကသေးလာပြီ။ သူလိုချင်တဲ့ ပုံစံမရသေးဘူး။ သူတော်တော်ဒေါသ ထွက်လာပြီ။ ကဲ..ဒီလောက်ဖြစ်လှတဲ့ ပန်းကွာ။ သေစမ်း၊သေစမ်း။ သူ့ရဲ့ ဒေါသတကြီး ကတ်ကြေးရဲ့အောက်မှာ ပန်းအုံလေးက အရွက်တွေဟာ အစိတ်စိတ်အမွှာမွှာ။ အခုတော့ ဆွမ်းအုပ်ပုံလည်း မရှိတော့ဘူး။ ထီးလေး လည်းမရှိတော့ဘူး။ ငှက်လေးလည်း ပျောက်။ ပင်စည်လေးပဲကျန်တော့တယ်။ အခုမှ ခြံစည်းရိုးဟာ ပိုကြည့် ရဆိုးသွားတယ်။ ပုဏ္ဏရိပ်ပန်းအုံတွေ အများကြီးကြားထဲမှာ တစ်ပင်ထဲ အရိုးချည်းပဲ ကျန်နေတယ်။ သူစိတ်ထိ ခိုက်စွာနဲ့ ကတ်ကြေးကို တစ်လှည့်၊ ပန်းအုံလေးကို တစ်လှည့် ကြည့်နေမိတယ်။

မှတ်ချက်။ ။ ကိုယ်လုပ်ပြီး ဘယ်တော့မှ နောင်တမရပါစေနှင့်။ အလုပ်တစ်ခုလုပ်ရင် ကိုယ်စိတ်နဲ့ အရင်ညှိပါ။ ပတ်ဝန်းကျင်နှင့် နောက်မှ ညှိပါ။ ကိုယ်လုပ်သမျှအားလုံးကောင်းပါသည်။

Friday, December 9, 2011

မတူရင် မတုနဲ့

နယ်စပ် စစ်တပ်မှ ထိုင်းစစ်သား များသည် မြန်မာစစ်သားများကို တိုက်ရန် အင်မတန်း ဆန္ဒပြင်းပြနေကြသည်။ ယင်းတို့၏ ဗိုလ်မှုးကိုလည်း တိုက်ခွင့်ပြုရန် စာတင်ကြသည်။ အကယ်၍ ခွင့်မပြုပါက ကိုယ်သဘောနှင့် ကိုယ် တိုက်မည်ဟုလည်း ခြိမ်းခြောက်ထားကြသည်။ ထိုကိစ္စသည် ထိုင်းနိုင်ငံ၏ ထိပ်ပိုင်း ခေါင်းဆောင်များဆီသို့ ရောက်သွားလေသည်။ ထိုအခါ ကာကွယ်ရေးဦးစီးချုပ်သည် ဖြေရှင်းရန် နယ်စပ်သို့ ကိုယ်တိုင် ရောက်လာ သည်။ ထို့နောက် စစ်သားများကို တန်းစီခိုင်းလိုက်သည်။

ဗိုလ်ချုပ်- မြန်မာစစ်သားတွေကို တိုက်ချင်တာ ဘယ်ရဲဘော်တွေလဲ

ရဲဘော် - ကျွန်တော်တို့ပါ ဗိုလ်ချုပ်ကြီး..

 ဗိုလ်ချုပ်- ကောင်းပြီ..ရဲဘော်တို့ ထွက်ခဲ့ပါ..ပြီးရင် ဟိုဘက်နားမှာ တန်းစီလိုက်ကြပါ။ 

ရဲဘော်များ စနစ်တကျ တန်းစီလိုက်ကြသည်။ အကုန်လုံးလည်း တက်ကြွနေကြသည်။
ဗိုလ်ချုပ်-ရဲဘော် တစ်ယောက် ထွက်ခဲ့ပါ။

ရဲဘော်တစ်ယောက်ထွက်လာသည်။ ယူနီဖောင်းအပြည့်အစုံ၊ လက်နက်အပြည့်အစုံနှင့်။

ဗိုလ်ချုပ်- ကောင်းပြီ..ရဲဘော်..မင်းရဲ့ ယူနီဖောင်းကို ချွတ်လိုက်ပါ။ 

ရဲဘော်က ယူနီဖောင်းကို ချွတ်လိုက်သည်။ အထက်ပိုင်း ဗလာကျင်းဖြစ်သွားသည်။ ထို့နောက်ခြေကိုခွဲပြီး အသင့်ရပ်လိုက်သည်။

ဗိုလ်ချုပ်- အဆင်သင့်ဖြစ်ပြီလား ရဲဘော်..

ရဲဘော်- ဖြစ်ပါပြီ ..ဗိုလ်ချုပ်

ဗိုလ်ချုပ်-ကောင်းပြီ.. အဲ့ဒါဆို ဟိုရှေ့တည့်တည့်က ဆူးခြုံထဲကို ပြေးဝင်လိုက်ပါ ရဲဘော်..

ရဲဘော် - ဟာ..ဗိုလ်ချုပ် ကလည်း ယူနီဖောင်းလည်း မပါပဲနဲ့ သေကုန်မှာပေါ့...

ထိုအခါ ဗိုလ်ချုပ်ကြီး ထိုရဲဘော်အား စေ့စေ့ကြည့်ကာ ဒေါသတကြီးပြောလိုက်လေသည်။

ဗိုလ်ချုပ်- အေး..မြန်မာတွေက အဲ့လိုဝင်တာကွ..။

စားနိုင်မှ..တိုက်

တစ်ခါက ထိုင်းစစ်သား တစ်ယောက်က သူတို့ရဲ့ တပ်မှုးကို ပြောတယ်။

''ဗိုလ်ကြီး.. မြန်မာစစ်သားတွေ သိပ်လူပါးဝတယ်.. ကျွန်တော်သူတို့ကို တိုက်ချင်တယ်ဗျာ..''

ထိုအခါ ဗိုလ်ကြီးက ဘာမှပြန်မပြောပဲ မြေကြီးတစ်ဆုပ်ကို ယူကာ ထိုစစ်သားရဲ့ ထမင်းပန်းကန်ထဲသို့ ပစ်ထည့်ကာ အောက်ပါအတိုင်း ပြောလိုက်လေသည်။

 ''မြန်မာကို တိုက်ချင်တယ်ဆို အဲ့ဒီ ထမင်းပန်းကန်ကို အရင်ကုန်အောင်စား..''

Tuesday, December 6, 2011

ကတ်သီးကတ်သတ်

တစ်နေ့က ကျွန်တော်သန်လျင်ပြန်တော့ မြို့မကားဂိတ်နားက သံပန်း၊ သံတံခါး ဆိုင်လေးတစ်ခုကို တွေ့ပြီး အတွေးတစ်ခု ၀င်မိတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ နေ့တိုင်းလည်း သွားလာနေကြ။ မြင်နေကြ။ အဲ့ဒီနေ့မှ ထူးထူးဆန်းဆန်း ကတ်သီးကတ်သတ် အတွေးဝင်မိတယ်။ သန်လျင်မြို့မကားဂိတ်နားမှာ သံပန်း၊ သံတံခါး၊ ဒန်းတွေ အစုံရောင်းဆိုင်ရှိတယ်။ သူ့ဆိုင်းဘုတ်က ဒီလို။

ကြည်
သံပန်း၊ သံတံခါး ရောင်းဝယ်ရေး... တဲ့။

အဲ့ဒီ ဆိုင်းဘုတ်ဖတ်ပြီး ကျွန်တော်လည်း မဆီမဆိုင် သွားတွေးမိတယ်။ တခြားတော့မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်စာလေး တစ်စောင်ပါ။ အားလုံးလည်း သိကြမှာပါ။ ဒေါ်ခင်ကြည်ကို ရေးတဲ့စာလေးပါ။

ကြည်
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်...။

ကျွန်တော်ခေါင်းထဲမှာ အီလည်လည်ကြီးခံစားရတယ်။ အပေါ်က စာနှစ်ခုက မတူပါဘူး။ ဒါပေမယ့် ကျွန်တော်စိတ်ထဲမှာ တစ်ခုခုလွဲနေသလို ကိုးလိုးကန့်လန့် အတွေးကြီးသွားဝင်တယ်။ ဘာကြီးမှန်းလည်း မသိပါဘူး။ အဲ့ဒီနေ့က ညဘက်အိပ်တာတောင် လူက ခိုးလိုးခုလုကြီးနဲ့ ဘယ်လိုကြီးမှန်းကို မသိတော့တာ။
ကဲ... ခင်ဗျားတို့ရော အဲ့ဒါကို ဘယ်လိုမြင်ကြသလဲဗျာ..။


Sunday, December 4, 2011

ရင်ခွင်ထဲ..သို့

  
ကံကြမ္မာ အလိုကျ

တို့တွေ ငိုရင်လည်း ငိုရမှာပေါ့ကွယ်

ဘယ်ဥာဉ့်သန်းခေါင်ယံမှ

နံနက်ခင်းလောက် မနွေးထွေးပါဘူး

လာပါ..ချစ်သူရယ်

ရေမှုန်တွေ သီတဲ့ ကြိုးပုခက်မှာ

ဘုရားသခင် အမျက်တော်ရှဖို့

တို့တွေ ပန်းသီး

စားကြမယ်

***************

Wednesday, November 30, 2011

ကျွန်ုပ် နှင့် လူပျိုကြီးယတြာ (၁)


        တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ ဒိုက်အေမြို့ ငပိစိမ်းသား ခြံတွင် ကျွန်ုပ်သည် နံနက်ခင်း၏ အလှအား ခံစားရန်အလို့ငှာ ဒရင်းဘက်လေးပေါ်တွင် လှဲလျောင်းကာ ပတ်ဝန်းကျင်အလှအား ကြည့်ရှုခံစားနေ လေသည်။ ထိုအခိုက် လွန်စွာမှပင် သုတ်သီးသုတ်ပြာနိုင်လှသော ဗရုတ်သုတ်ခ၊ ဗြုတ်စပြဲလောင်း၊ အုတ်ကြားမြတ်ပေါက်၊ ဓါတ်တိုင်သေးပန်း၊ ဆလပ်ရွက်ခေါင်းမြီးခြုံ ၊ ဂေါ်ဖီထုပ် ခေါင်းဦးကာ၊ ဇလီဖာတုံး ချီးကုန်းသော ကိုငြိမ်းနိုင်ဆိုသော လူကြီးသည် ရောက်ရှိလာလေ၏။ ထိုနောက် မပြောမဆိုပင် ကျွန်ုပ်၏ ဘေးနားသို့ ၀င်ထိုင်ကာ ဖတ်လတ်စစာအုပ်ဖြစ်သော ပါးရှား နက္ခဗေဒင်ဆရာ အယ်လ် ဟာကင်မ်၏ ဂျူဒီရှာ ဂီမာစပီယာ  စာအုပ်ကို ကောက်ကိုင်ကာ ဟိုလှန်ဒီလှန် လုပ်နေလေသည်။ကျွန်ုပ်မှာ ထိုလူကြီး ရောက်ရှိလာသောကြောင့် အတော်ပင် စိတ်အနှောက်အယှက် ဖြစ်မိချေ၏။ ကျွန်ုပ်၏ သာယာမှုအပေါင်းမှာလည်း ချုပ်ငြိမ်းလေပြီဟု စိတ်တွင် မှတ်ထင်မိလေ၏။ ထိုကြောင့် ကျွန်ုပ်မှာ တဖက်သို့ လှည့်ကာ လူကြီးလူကောင်းတို့ မပြုလုပ်အပ်သော ကျွတ် ဟူသော အမူအရာအား ပြုလုပ်ကာ တဖက်သို့ လှည့်နေလိုက်လေ၏။ သို့သော် ထိုအလိုက်ကန်းဆိုး မသိသော လူကြီးသည် ကျွန်ုပ်၏ အမူအရာအား ဂရုမထား ဘိအလား စာအုပ်အား ဟိုလှန်ဒီလှန်ပင် လုပ်လျက်ရှိချေ၏ ။ ကျွန်ုပ်မှာ မတီးလျင် မမြည်ဟူသော ဆိုရိုးစကားအရ ကိစ္စမြန်မြန်ပြီးရန် အလို့ငှာ လာရင်းကိစ္စအား မေးမြန်းရလေတော့၏။

‘ ဒီမှာ ကိုငြိမ်းနိုင် ကျုပ်ဆီကို ဘာလာလုပ်ရပြန်တာတုန်း.. ခင်ဗျားဟာခင်ဗျား ဘလောဂ့်လေးဘာလေးရေးပြီး အငြိမ့်သား ထိုင်နေပါရော့လား..’’

ထိုအခါမှပင် ထိုလူကြီးသည် ကျွန်ုပ်ဘက်သို့ လှည့်ကာ စပ်ဖြီးဖြီး မျက်နှာနှင့် ပြန်ပြောလေ၏။

“ အဲ့လို ထိုင်နေလို့ မဖြစ်လို့ပေါ့ ဆရာရယ်.. အဲ့ဒါကြောင့် ဆရာဆီ အကူညီလာတောင်းတာပါ.. ပြီးတော့ ဆရာက ဒီလိုကိစ္စမျိုးမှာ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ကျွန်တော်သိထားတယ်လေ..”

“ နေပါဦးဗျာ… ဒီလောက်တောင် ညွှန်းနေရင်တော့ ခင်ဗျား မိန်းမလိုချင်ပြန်ပြီနဲ့ တူတယ်..”

“ သိပ်ဟုတ်တာပေါ့ ဆရာရယ်.. ဆရာက တကယ်ကို အကုန်လုံးကို သိနေတာပဲ.. ဟဲဟဲ.. မထူးတော့ပါဘူးဗျာ..ပြောရတော့မှာပေါ့ ..ဒီလို ဆရာရဲ့ ဆရာအရင်တုန်းက ပေးတဲ့ ယတြာ တွေက ကောင်းပါတယ် ဒါပေမယ့် သိတဲ့ အတိုင်းပဲ ကျွန်တော်က လုပ်လိုက်ရင် တလွဲဆိုတော့ ကပြောင်းကပြန် တွေ ဖြစ်ကုန်တာပေါ့.. အခုတခါတော့ လုံးဝကို လွဲလို့မရဘူးဆရာရေ… ကျွန်တော်က သူ့ကိုမှ မရရင် ရူးတော့မှဗျ.. အဲ့ဒါကြောင့် ဆရာကို အကူညီတောင်းရတာပါ.. လုပ်ပါဦးဆရာ.. ဒီတစ်ခါတော့ ကွက်တိဖြစ်အောင် ကျွန်တော် ကြိုးစားပါ့မယ်..ဆရာ …”

ထိုအခါကျွန်ုပ်မှာ သူ့အား အရင်တုန်းက ပေးခဲ့သော ယတြာအား ပြန်လည် အမှတ်ရမိလေ၏။ ထိုအခါတုန်းကလည်း ယခုအတိုင်းပင် ကျွန်ုပ်ဆီသို့ ရေးကြီးသုတ်ပျာ လာကာ အကူညီတောင်းသဖြင့် ကျွန်ုပ်မှာ လည်း တတ်ထားသည့်ပညာ မနေသာဆိုသကဲ့သို့ ယတြာ လုပ်ပေးခဲ့ရဖူး၏။ ယင်းယတြာမှာ နှောင်းလူတို့ သိရန်အလို့ငှာ ဖော်ပြလိုက်ရပေ၏။ ယတြာက ဤသို့ဖြစ်၏။ မိန်းမလျာတစ်ယောက်၏ ပါးမှ သနပ်ခါးကို ယူကာ ပူပူနွေးနွေးသေပြီခါစ မုဆိုးမ၏ အုတ်ဂူရှေ့သို့ သွား၍ တစ်လတိတိ သနပ်ခါးဖြင့် ထိုအုတ်ဂူအား သုတ်ကာ ငိုကြွေးရမည် ဟူ၍ ဖြစ်သည်။ ထိုကိစ္စ၏ လျိုဝှက်ချက်ကိုလည်း မည်သူမျှသိ၍ မရပေ။ ကိုငြိမ်းနိုင်ကြီးမှာ ထိုအတိုင်းပင် လိုက်လုပ်ရှာလေ၏။ သို့သော် တစ်ပတ်ပင် မပြည့်သေး မိန်းမလျာကို ပရောပရီ သွားလုပ်သော ကြောင့် ထိုမိန်းမလျာက ၄င်းအား သနားကာ လက်ထပ်မည်ဟု ဆိုသောကြောင့် ထွက်ပြေးခဲ့ရလေသည်။ သူကြိုက်သော ကောင်မလေးကလည်း အထင်လွဲကာ အသည်းကွဲ၍ ချက်အရက်သောက်ပြီး လမ်းဘေးမှာ မူးလဲစဉ် ချီးကားဖြတ်ကြိတ်ကာ ဆေးရုံရောက်ခဲ့ရလေ၏။ ကျွန်ုပ်မှာလည်း နာမည်ပျက်ရလေ၏။ ထို့ကြောင့် သူ့အား ယခုတစ်ခါ ယတြာပေးရန် အတော်ပင် စဉ်းစားယူရလေသည်။ သို့ပေမယ့် ၄င်းနှင့် ကျွန်ုပ်မှာ မျက်နှာ နာရမည့်သူများဖြစ်သောကြောင့် မပေးပြန်လျင်လည်း မကောင်းဘူးဟု စိတ်တွင် မှတ်ချက်ချမိလေ၏။ ထိုအချိန် တွင် နေလုံးသည် ကောင်းကင်ထက်သို့ အတော်ပင် မြင့်တက်လာချေသည်။ ထိုအခါကျွန်ုပ်မှာ မနက်စာမစားရ သေးသည့် အဖြစ်ကို သတိရလေ၏။ ထိုကြောင့် ကိုငြိမ်းနိုင်ကြီးအား မနက်စာ စားမစား မေးရချေ၏။

"ကိုင်း.. ကိုငြိမ်းနိုင် နေတောင် အတော် မြင့်တက်လာပြီ..ခင်ဗျားလည်း ဗိုက်ဆာေ၇ာပေါ့.. ကျုပ်တစ်ခုခု စီစဉ်လိုက်မယ် ဘယ်နှယ့် ရှိစ"

ကျွန်ုပ်၏ စကားကို ကြားရသောအခါ ကိုငြိမ်းနိုင်ကြီးမှာ အစားစာ ငတ်ပြတ်နေသော ဇူစကာပုဏ္ဏား၏ မျက်နှာမျိုးဖြင့် ကျွန်ုပ်အား ၀မ်းသာအားရ ကြည့်ကာ ပြောလေ၏။

"ကောင်းတာပေါ့.. ဆရာရယ်.. ကျွန်တော့်မှာ သူ့စိတ်နဲ့ အစားပျက်အအိပ်ပျက်နဲ့ လူတောင် ပိန်လာပါပြီဗျာ. အခုလည်း ဆရာဆီကိုလာတာ ထမင်းတောင် မစားခဲ့ရသေးဘူး.. ဗိုက်ထဲမှာလည်း နှဲမှုတ်နေသလို တဂြီဂြီ တဂေါ်ဂေါ်နဲ့ ဖြစ်နေပြီဆရာ.. မြန်မြန်လေးသာ စီစဉ်လိုက်ပါတော့..ဟီးဟီး"

ထိုလူကြီးသည် လွန်စွာမှပင် အရှက်မရှိသော မျက်နှာနှင့် အထက်ပါစကားများအား ပြောကာ သူ၏ ဗိုက်အား တဘုတ်ဘုတ် ပုတ်ပြလေ၏။ ကျွန်ုပ်လည်း သနားသွားရကာ မနက်စာစားသောက်ရန် ဈေးသွားဖို့ ပြင်ဆင်ရလေသည်။

"ကောင်းပြီ..ဒါဆိုဒီမှာ ခဏစောင့်ဗျာ..ကျုပ်ဈေးသွားပြီ စားသောက်ဖို့ ချက်ပြုတ်စရာတွေ သွားဝယ်လိုက်ဦးမယ်.."

"ကောင်းတယ်ဆရာ … မြန်မြန်သာသွား "

"သြော်… ဒါနဲ့ ခင်ဗျား ပေါက်ကရတွေတော့ လျှောက်မလုပ်ထားနဲ့နော်.. ငြိမ်ငြိမ်နေဗျ..ကျုပ်စိတ်ချလက်ချ သွားမယ်"

"သြော်… ဆရာရယ်.. သွားသာသွားပါ.. ပြောနေတာနဲ့တင် တော်တော် အချိန်ကုန်နေပါပြီ.."

ကျွန်ုပ်မှာ  ထိုလူကြီးအား စိတ်မချသော်လည်း ဈေးနောက်ကျမည့် ဆိုးသောကြောင့် ခွေးခြေဖုံး ရပ်ကွက် 
 အနီးမှ အပုပ်ဈေးအား ပြေးရလေတော့၏။ ဈေးမှပြန်ရောက်သော် ချက်ပြုတ်ဖို့ ပြင်ဆင်ရပြန်၏။ ကျွန်ုပ်မှာ ဈေးမှဝယ်လာ သော ပစ္စည်းများအား ခြင်းတောင်းထဲမှာ ထုတ်ကာ စတင်ချက်ပြုတ်လေတော့၏။ ငါးသလောက်ကို နံနံပင်အုပ်ကာ နှပ်ထားလိုက်လေ၏။ တညင်းသီးကို လေးစိပ်စိပ်ကာ ဂွေးတောက်ရွက် နှင့် ဟင်းချိုချက်လေ၏။  ကြက်ဥကို နို့ဆီနှင့် ကြော်ထားရပြန်၏။ ယင်းတို့ကို အရင်ပြုလုပ်ကာ ကြက်သားအား ခုတ်ကာ ကြက်ဟင်းခါးသီးနှင့် နယ်ထား၏။ ငါးသလောက် ကျက်သောအခါမှာ ကြက်သားအိုးအား တင်လိုက်လေ၏။ ထို့နောက် တို့စရာအတွက် ပြင်ဆင်ရလေ၏။ ငပိရည်ကိုကျိုကာ ကျက်သော် ငရုတ်သီးအကျက်မှုန့်များများ ၊ ကုလားအော်သီး အတောင့်နှစ်ဆယ်နှင့် ဖျော်ရလေ၏။ တို့ရန်အတွက်မှု အိမ်သာနားမှာ တမာရွက်များကိုခူးကာ ရေစိမ်ထားလေ၏။ ထိုပြင် ချဉ်ပေါင်ရွက်ကြော်၊ သံပုရာရည် ဖြန်းထားသော ရှောက်သီးသုတ်၊ ရှာလကာရည်နှင့် မန်ကျီးသီးရောနှယ်ထားသော ဟင်းအရံများကို ပြင်ဆင်ရပြန်လေ၏။ အလုံးစုံပြီးသောအခါ ကျွန်ုပ်တို့ ၏ ထမင်းဝိုင်းသည် စားရန်အသင့်ဖြစ်လေ၏။ မနေ့ကမှ ချက်ထားသော အုန်းထမင်းမှာ များစွာ ကျန်ရှိသေးသောကြောင့် ထိုထမင်းနှင့်ပင် စားသောက်ရန်ပြင်ရတော့လေသည်။ ကျွန်ုပ်တို့၏ ထမင်းဝိုင်းမှာ မြင်သူတိုင်းသွားရည်ယိုချင်စရာ ကောင်းလောက်အောင် ဟင်းအမယ်စုံလင်စွာဖြင့် ပွဲတော်တည်လေတော့သည်။ 


Sunday, November 27, 2011

ကျွန်တော် နှင့် ငရဲပြည်

တစ်နေ့ ကျွန်တော် ဘလောဂ့်တစ်ခုအတွက် ပို(စ်)့ရေးနေရင်း သေသွားသည်။ ရုပ်မပါသော နာမ်သည် ပေါ့ ပါးစွာ လွင့်မျောနေသည်။ အမှောင်ထု တစ်ခုဆီသို့ ဦးတည်နေသည်ဟု ထင်သည်။ သိပ်မကြာပါ ဆိုင်းဘုတ် တစ်ခုကို တွေ့ရသည်။ ငရျဲပည္မွ ၾကိဳဆိုပါ၏ ...။ ၀က်သီးတော့ နည်းနည်းထမိသည်။ ကျွန်တော်ကကြက်သား မကြိုက် ၀က်သားပဲစားသည်။ ထို့ကြောင့် ၀က်သီးထခြင်းဖြစ်သည်။ ငရဲပြည်က ထင်သလောက် မခမ်းနားပါ။ လမ်းတွေမှာလည်း ချိုင့်တွေ၊ ကျင်းတွေနှင့်။ ဒါပေမယ့် နည်းနည်းတော့သန့်သည်ဟု ထင်စရာရှိပါသည်။ ဗွက်တွေဘာတွေ မရှိပါ။ လမ်းအနည်းငယ် လျှောက်မိသောအခါ ငရဲပြည်၏ စည်ကားမှုကို မျက်ဝါးထင်ထင် 
တွေ့ရပါတော့သည်။ ဈေးတန်းကြီးက အရှည်ကြီး ဖြစ်သည်။ အော်သူ၊ ရောင်းသူများနှင့် ငရဲပြည်က ကုန်ဈေးတန်းအလားပင် ထင်ရသည်။ ကျွန်တော်က စပ်စုလိုသဖြင့် ဘေးနားက ဖြတ်သွားသော ရုပ်ဆိုးဆိုးနှင့် လူတစ် ယောက်ကို မေးကြည့်သည်။

နောင်ကြီး.. ဒါဘာပွဲတော်လည်း ဟင်..

မင်းငရဲပြည် ရောက်တာ သိပ်မကြာသေးဘူး ထင်တယ်

ဟုတ်ကဲ့ .. ကျွန်တော်သေတာ နာရီပိုင်းပဲ ရှိပါသေးတယ်..

သြော်. ဂလို့ကို.. ဒီနေ့က လပြည့်နေ့လေ .. ဒါက ငရဲဈေးပွဲတော်..

ဘယ်နှယ့်ဟာပါလိမ့်..။ နိဗ္ဗာန် ဈေးပွဲတော်လည်း မဟုတ်။ မရှင်းသဖြင့် ထပ်မေးမိပြန်သည်။

ငရဲပြည်က လပြည့်နေ့ရှိလို့လား..
ထိုသူက ကြောက်လန့်တကြားဖြင့် ပါးစပ်ကို လက်ညိုးနှင့် ပိတ်ကာ တိုးတိုးပြောဟု လုပ်ပြသည်။

ဟေ့ကောင်..တိုးတိုးပြောပါကွ။ ငရဲပြည်မှာ ဘယ်ကလရှိမလဲ။ ဒါက လူ့ပြည်က မီးသွယ်ထားတာ။ သူ့တိုက အဲ့ဒါကို လလို့ ခေါ်ကြတယ်ကွ။ တစ်နေကုန် မီးလာတဲ့ ရက်ဆို လပြည့်နေလို့ သတ်မှတ်တယ်။

သြော်... ဒီလိုလား..ဒါနဲ့ ခင်ဗျာကဘယ်သူလဲ... ဒီကို ဘယ်လိုရောက်လာတာလဲ..။

ငါ့နာမည်က ကိုငြိမ်းနိုင်ကွ.. အင်တာနက်မှာ ဘလောဂ့်လေး ထောင်ထားတယ်ကွ..
ဒီကို ဘယ်လိုရောက်လာသလဲဆိုတော့... ပို(စ်)့လေးတွေရေးရင် စိတ်ဝင်စားစရာကောင်းတယ်နေရာ
ရောက်ရင် ဖြတ်ဖြတ်ထားခဲ့လို့ သေတာနဲ့ ငရဲပြည်ကို တန်းရောက်တာပဲ...

နေပါဦး.မင်းကကော ..ဘယ်သူလဲ...

ကျွန်တော်လည်း သန်လျင်သားဆိုပြီး..ဘလောဂ့်လေး ထောင်ထားတာဗျ... ဘယ်လိုကြောင့် ငရဲပြည်
ရောက်တာလဲတော့ မသိသေးဘူး...

အေး.. မသိသေးရင် ငရဲမင်းကြီးနဲ့ သွားတွေ့လိုက်ဦး.. ငါကတော့ ဟိုဘက်ဘလောဂ့်ဂါ ငရဲအဆောင်ကို သွားလိုက်ဦးမယ်...

ဟမ်... ငရဲပြည်မှာ အဆောင်ရှိတယ် ... ဟလား

အစတုန်းကတော့ မရှိဘူးကွ...အေး..နောက်ပိုင်းမှာ ဘလောဂ့်ဂါတွေ ငရဲရောက်တာများလို အဆောင်
ဆောက်ပေးထားရတယ်.. သွားလိုက်ဦးမယ်ကွာ... သြော်..ဒါနဲ့ မင်းအကူအညီလိုရင် မရွှေစင်ဦးဆီကို သွား သူက ငရဲရောက်တဲ့ ဘလောဂ့်ဂါတွေအတွက် အကူညီပေးဖို့ အေဂျင်စီ ဖွင့်ထားတယ်.. သူကတော့ ငရဲပြည်မှာ ၀ါအကြီးဆုံးပဲ.. သွားပြီဟေ့...ငါလည်း နောက်ကျနေပြီ...
ထိုရုပ်ဆိုးဆိုးနှင့် ကိုငြိမ်းနိုင်ဆိုသော လူကြီးသည် ထွက်သွားတော့သည်။
 ကျွန်တော်လည်း ဟိုကြည့်ဒီကြည့်နှင့် ဆက်လျှောက်သွားသည်။ တစ်နေရာအရောက်တော့ လူတစ်
ယောက် ကုန်းကုန်းကွကွနှင့် တစ်ခုခုကို ရှာနေသည်။ ကျွန်တော်လည်း ထိုလူနားသို့သွားကာ ကြည့်မိ သည်။

ဘာဖြစ်နေတာလဲ.. နောင်ကြီး.. ဘာကူညီပေးရမလဲ..

အာ..ဒီမှာ မြှားပျောက်သွားလို့ ဗျ...

ဟမ်.. ခင်ဗျားက မြှားနဲ့ ဘာလုပ်မလို့တုန်း...

ဟာ.. ဒီလူတော်တော်ခတ်တာပဲ... ၀တ်စားဆင်ယင်ပုံလေး ဘာလေးကြည့်ပါဦးဗျ.. စွတ်ရွတ်ပြောမနေ နဲ့။

Thursday, November 24, 2011

မနှင်းဆီ...သို့


Connection ကမတက်
မီးက ပျက်
မင်းကလည်း ငါ့ကို ဖြတ်
ငါ့ဘ၀ဟာ
ရိုမီယိုနဲ့ ဂျူးလိယတ်ထက်တောင်
ကံဆိုးပါတယ်
မနှင်းဆီ .... ရယ် ..

လမ်းဘေးဈေးသည်တွေ
စည်ပင်ကို ကြောက်သလို
မင်းနဲ့ဝေးမှာကို ကြောက်ခဲ့ရသူပါ
(မင်းသိမှာပါ)
..........
ဒီမှာ မနှင်းဆီ
ကိုရီးယားမကြိုက်တဲ့ မယား
ရဲမဖမ်းတဲ့ ကားနဲ့
supply မထိတဲ့ Dayကျောင်းသားဟာ
မတင့်တယ်ပါဘူး..မနှင်းဆီ
(ငါ့ကို မထားခဲ့ပါနဲ့)

............

ယုံပါ..မနှင်းဆီရယ်
Connection တွေ ကောင်း
လျှပ်စစ်မီးတွေ တဖြောင်းဖြောင်းနဲ့
မြန်မာပြည်ကြီး ပြောင်းမှ
မင်းကို မေ့မယ်
ဒါငါ့ရဲ့ သစ္စာတရား ပေါ့ကွယ်

*******

Thursday, November 17, 2011

အိမ်ကို လွမ်းတယ်


ငါ့အိမ်ပါလား
ဆောင်းတွင်းအိပ်မက်တွေ တရေးနိုးမှာ
ငါ့လက်မှာ မင်နီတွေတထွေးကြီးနဲ့
တိုင်ကပ်နာရီက
လူမျိုးခြား စံတော်ချိန်ကြားရတယ်
ငါအိမ်ကလေးကို လွမ်းနေတယ်

တိုးတက်ဖို့ပါကွယ်
ခံစားချက်တွေ နင်းပြီ
မျှော်လင့်ချက် တံခါးပေါက်ဆီ
ဒဏ်ရာတွေရင်းပြီး ထွက်လာခဲ့တယ်
ငါ့အိမ်ကလေးကို လွမ်းတယ်

ပြန်မရောက်နိုင်ဖို့
သေချာတဲ့လား
မြူမှုန်ဆန်ဆန် လောကဓံမှာ
လှော်တက်တွေ ကိုယ်စီနဲ့
အသက်ရှုသံအတွက် လှော်ခတ်နေရတယ်
ငါအိမ်ကလေးကို လွမ်းတယ်

အိမ်ပြန်ချင်တယ်
ပြန်သွားသူတွေမြင်တိုင်း ရင်ထဲမှာနင့်တယ်
ငါသာ ငှက်ကလေးတစ်ကောင်ဆို
အိမ်ကို ပြန်တယ်

အခုတော့ ငါဟာ
ပြန်မလှည့်နိုင်တဲ့ မြှားတစ်စင်းလို့
မဆုံးနိုင်တဲ့ ပစ်မှတ်တစ်ခုဆီ
ဦးတည် ၀ပ်တွားနေရတယ်

ငါလွမ်းတဲ့ 
အိမ်ကလေးရေ
ပင်လယ်လှိုင်းလုံးတွေကို ကျော်ပြီး
မြစ်ကမ်းဘေးကို လာခဲ့ကွယ်
မမြင်ရပေမယ့်
ငါ့လက်နှစ်ဖက်နဲ့ မင်းကို   သေချာထွေးဖက်ချင်တယ်

********

Saturday, November 12, 2011

မော်ဒန် ပုဂံပြည်

ဗိုလ် ချုပ်ကြီး ကျန်စစ်သားတို့ ပြန်လာပါပြီ..
 ရှေ့ပြေးဆတ်သားရဲ့ လျှောက်တင်သံအဆုံးမှာ နန်းတွင်းတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားတယ်။ အဆိုးဆုံး ကတော့ အနော်ရထာမင်းကြီးပေါ့။ ဘာလို့လဲဆိုတော့ ဒါက သူ့ကိစ္စကိုး။ ဥဿာကို ဂျွမ်းအရမ်းပစ်တဲ့ စစ် သည်တွေ ၀င်ရောက်ကျူးကျော်တိုက်ခိုက်တော့ ဥဿဘုရင်က အနော်ရထာမင်းကြီးကို အကူညီတောင်း တယ်။ တစ်ဖက်စစ်သည်တွေက တစ်ချိန်လုံး ဂျွမ်းပစ်နေတာ ဥဿာပဲခူးက စစ်သားတွေ ခမျာ ခေါင်းတွေ မူးနောက်ပြီး တစ်ချို့ဆို ရူးတောင်ရူးကုန်ပါပြီလို့ e-mail ပို့ ပြီး အကူညီတောင်းတယ်။ ဖုန်းနဲ့ဆက်သွယ် လည်း ရပေမယ့် ကြားဖြတ်နားထောင်မယ့် ဟက်ကာတွေကို ကြောက်တာကြောင့် e-mail နဲ့ပဲ လှမ်းပို့ တယ်။ e-mail က ဒီလို ]]ဥဿာကို ဂျွမ်းဝင် စစ်သည်တွေရူးချင် ကျေးဇူးပြု၍ အကူညီပေးပါ အနော်ရထာ ဘုရင်.}}အနော်ရထာလည်း mail ရတာနဲ့ ချက်ခြင်းပဲ ကူညီဖို့ ပြင်ဆင်တယ်။ ဒါနဲ့ပဲ သူ့ရဲ့ အားအထား ရဆုံး စစ်သူကြီးလေးယောက်ကို လွှတ်လိုက်တယ်။ မရောက်ခင် mail အရင်လှမ်းပို့လိုက်တယ်။ သူပို့လိုက် ပြီပေါ့ စစ်သူကြီးလေးယောက်ကို။ အဲ့ဒီမှာ မေလ်းပို့တဲ့သူ က မှားရိုက်ပြီး လေးသိန်းဖြစ်သွားတယ်။ ဥဿာ ဘုရင်လည်း အရမ်းပျော်သွားတာပေါ့။ စစ်သည်လေးသိန်းဆိုတော့ နည်းတာမဟုတ်ဘူး။ ဂျွမ်းစစ် သည်တွေတော့ သေပြီပေါ့။ ဒါနဲ့ပဲ ချက်ခြင်း မေလ်းပြန်ပို့လိုက်တယ်။ စစ်ပွဲနိုင်ရင် သူ့ရဲ့သမီးတော်ဖြစ်တဲ့ မဏိစန္ဒာကို ဆက်သပါ့မယ်။ နောင်လည်း ချစ်ချစ်ခင်ခင်နေသွားကြမယ်လို့ ပို့လိုက်တယ်။ ဘာပြောကောင်း မလဲ အနော်ရထာကြီး ပျော်လိုက်တာ နိုက်ကလပ်တောင် လေးညဆက်တိုက်တက်လိုက်တယ်ဆိုပဲ။ ခိုင်လုံ တဲ့သတင်းရပ်ကွက်က ရတာ။ ထားပါတော့။ စစ်သူကြီးလေးယောက်လည်း ကားလေးစီးနဲ့ စစ်တိုက်ဖို့ ထွက်သွားကြတယ်။ ဟိုလည်းရောက်ရော ဥဿာဘုရင်လည်း ကြောင်တောင်တောင်ဖြစ်သွားတယ်။ ဘယ်နှာတုန်းဟ။ ဟင်..ပြောတော့ စစ်သည်လေးသိန်းဆိုပြီး လာတော့ လေးယောက်တည်း အနော်ရထာ ငါ့ကို လိမ်တာပဲဆိုပြီးတော့ ဒေါတွေခွီးရော။ အဲ့မှာ ကျန်စစ်သားက ဘာညာနဲ့ ၀င်ဖြီးလိုက်တာအဆင်ပြေ သွားတယ်။ ပြောရမယ်ဆိုရင် သွားတဲ့စစ်သူကြီးလေးယောက်ထဲမှာ ကျန်စစ်သားက ရုပ်အဖြောင့်ဆုံး။ တော်ကီကလည်း ဘာညှက်သလဲမမေးနဲ့။ တစ်ခါတုန်းက နန်းတွင်းက ဆင်တစ်ကောင် မုန်ယိုပြီး လူတွေ လိုက်နင်းတာ။ နန်းတွင်းသူ၊ နန်းတွင်းသားတွေလည်း ခွေးပြေး၊၀က်ပြေး ပြေးကြ။ အနော်ရထာမင်းကြီးဆို နန်းဆောင်အပေါ်ထပ်ကနေ ဆင်းကိုမဆင်းတော့ဘူး။ တစ်ခါတော့ နန်းတွင်းသူ တစ်ယောက် ပြေးရင်ချော် လဲသွားရော။ ဆင်ကြီးက အနောက်ကပြေးလာပြီး တက်နင်းဖို့လုပ်တုန်း ရှိသေးတယ်…ကျန်စစ်သားက ဆင်ကြီးအရှေ့ကနေပြေးရပ်ပြီး တစ်ခွန်းတည်းပြောလိုက်တာ ဆင်ကြီး အနောက်ကိုပြန်လှည့်ပြီးတော့ သူ့တင်းကုပ်ထဲကို တစ်ခါတည်းပြေးဝင်သွားတော့တာပဲ။ နန်းတွင်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ် သွားတယ်။ ကျန်စစ်သားက တစ်ခွန်းတည်း ပြောလိုက်တာနဲု့မုန်ယိုနေတဲ့ဆင်က လှည့်ပြေးတယ်ဆိုတော့ အံသြစရာပေါ့။ ဒါတောင် ဂျာနယ်တိုက်တွေက မသိလို့ သိရင် လာပြီးအင်တာဗျူးဦးမှာ။ အဲ့ဒီမှာ အနော်ရထာ မင်းကြီးက ကျန်စစ်သားကို နန်းတွင်းခေါ်ပြီး မေးတော့တာပဲ။ ဆင်ကိုဘယ်လိုပြောလိုက် သလဲပေါ့။ ကျန်စစ်သားကတော့ အေးဆေးပဲပြန်ဖြေတယ်။ ဟေ့ကောင် စံလှ မင်းမိန်းမမီးဖွားနေပြီ အမြန် ပြန်လို့ ပြောလိုက်တာပဲ။ အဲ့လောက်ထိ ကျန်စစ်သားတို့ တော်ကီကောင်းတာ ။ ဥဿာဘုရင်လောက်တော့ အပျော့ပေါ့။ ဒါနဲ့ပဲ စစ်တိုက်ဖို့လုပ် ပြင်ဆင်ကြတယ်။ လေးယောက်တည်းဆိုတော့ ကျန်စစ်သားက ပြောက် ကျားနည်းနဲ့ တိုက်ဖို့လုပ်တယ်။ ဥဿာဘုရင်က စစ်သူကြီး ပြောက်ကျားနည်းဆိုတာ ဘာကိုပြောတာပါ လဲ လို့မေးတယ်။ ကျန်စစ်သားက ရှင်းပြတယ်။
(ဆက်ဖတ်ရန်)

Wednesday, November 9, 2011

အပြာရောင် Blue ဂီတ

တေးသီချင်း တွေဟာ အများအားဖြင့် လူတွေ ရဲ့ စိတ်ခံစားမှု တွေကို ဖော်ညွှန်းပြီး သီဆိုတတ် ကြပါတယ်။
အဲဒီလို ဖော်ညွှန်းတဲ့ သီချင်းတွေ အများကြီး ရှိကြတဲ့ အထဲကမှ စိတ်အားငယ် ၀မ်းနည်းတဲ့ ခံစားချက်ကိုသာ အဓိက ထားပြီး သီဆိုလေ့ရှိတဲ့ တေးဂီတ တစ်ခုအကြောင်းကို ပြော ပြချင်ပါတယ်။ အဲဒါကတော့ ညှိုးငယ်ဝမ်းနည်း ခြင်းလို့ အဓိပ္ပာယ်ရတဲ့ Blues တေးဂီတပဲ ဖြစ်ပါတယ်။

Blues တေးဂီတဟာ လူမည်းတွေရဲ့ဂီတ တစ်ခုဖြစ်ပါတယ်။ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း အချိန်တွေမှာ အမေရိကန်နိုင်ငံက စတင်ပေါ်ထွက် ခဲ့ပြီး တဖြည်းဖြည်း လူသိများ လာခဲ့ပါတယ်။

၁၇ ရာစုနဲ့ ၁၈ ရာစုအကြားက ကျေးကျွန် ထားရှိတဲ့ စနစ်တွေကြောင့် Bluesဂီတ ထွက်ပေါ် လာခဲ့ရတာပဲ ဖြစ်ပါတယ်။ အာဖရိက အမေရိကန် လူမျိုး ကျေးကျွန်တွေဟာ သူတို့ရဲ့ဘ၀ အကြောင်းတွေကို တေးသီချင်းတွေလို့ သတ်မှတ်ခဲ့ကြပါတယ်။ Blues ဂီတဟာ အနှိမ်ခံ လူတွေရဲ့ ဂီတတစ်ခု ဖြစ်တဲ့ အတွက် Blues သီချင်းတွေဟာ အဆွေးသီချင်းတွေသာ ဖြစ်နေတာကို တွေ့ရပါတယ်။ ရှေးဦး Blues ဂီတသီချင်းတွေဟာ ဓမ္မတေး သီချင်းတွေလို အဆွဲအငင်တွေ အများကြီး ပါဝင် နေတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ Blues  ဆိုတဲ့ အခေါ် အဝေါ်ဟာ Blues devils ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာပါ။ ညှိုးငယ် နေတဲ့ ကဝေတွေလို့ အဓိပ္ပာယ်ရပြီး ၁၇၉၈ ခုနှစ်က ပြသခဲ့တဲ့ ပြဇာတ်၊ ဇာတ်လမ်းတစ်ခုရဲ့ နာမည်ကို ယူပြီးသုံးနှုန်းထားတာပဲဖြစ်ပါတယ်။

SOUL ဂီတပျောက်ကွယ် မသွားခင်


ဒီနေ့ခေတ်မှာ ပဲဖြစ်ဖြစ်၊ အရင် ခေတ်ကပဲ ဖြစ်ဖြစ် ဂီတ ရေစီးကြောင်း ထဲမှာ မျောပ နေကြတဲ့ အမျိုးမျိုးသော ဂီတတွေဟာ အများသော အားဖြင့် လူမည်း ဂီတတွေသာ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။
လူမည်းတွေက စတင်ခဲ့တဲ့ ဂီတတွေဟာ ပရိသတ်တွေ ကြားထဲမှာ ခေတ်အဆက်ဆက် ရေပန်းစား ခဲ့ကြပါတယ်။ ဥပမာ ပြောရရင်-Disco, House, Blues, Hip Hop စတဲ့ ဂီတတွေဟာ လူမည်း ဂီတတွေပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် မှာတော့ အရိပ်အယောင် အနည်းငယ် မျှသာ ကျန်ရှိတော့တဲ့ လူမည်းဂီတ တစ်မျိုးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။အဲဒီ ဂီတကတော့ Soul ဂီတပဲ ဖြစ်ပါတယ်။

Soul ဂီတဟာ မြောက် အမေရိက နိုင်ငံတွေက စတင်ပေါ် ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက ပေါ်ထွက်ရာ နေရာကတော့ ချီကာဂို မြို့တော်ဖြစ်ပြီး၊ နယူးယောက်၊ ဒီထရော့၊ ဖန်ဖစ်(စ)၊ ဖလောရင့်(စ) အစရှိတဲ့ မြို့တော်တွေ မှာလည်း ဒေသလိုက် ကိုယ်ပိုင် Soul ဂီတတွေကို ဖန်တီးခဲ့ ကြပါတယ်။ ၁၉၄၀ ခုနှစ်နဲ့ ၁၉၅၀ ခုနှစ် အတွင်းမှာ Doo Wop လို့ အမည်ရတဲ့ ဂီတတစ်ခု ပေါ်ထွက်ခဲ့ ဖူးပါတယ်။ အဲဒီအချိန်မှာ Gospel ဂီတဟာလည်း အာဖရိက၊ အမေရိကန် လူမျိုးတွေကြောင့် အတော်လေး နေရာရ နေခဲ့ပါတယ်။ နောက်မှာတော့ အဲဒီဂီတ နှစ်မျိုးဟာ တဖြည်းဖြည်း ပေါင်းစပ်သွားပြီး Soul ဂီတဖြစ်လာ ခဲ့တယ်လို့ တချို့က ပြောကြပါတယ်။ တချို့ကလည်း Soul ဂီတဟာ Gospel နဲ့ R&B ပေါင်းစပ် ထားတာလို့ ဆိုကြပြန် ပါတယ်။

Soul ဂီတဟာ လူမည်း ဂီတတစ်ခု ဖြစ်ပါတယ်။ Soul ဂီတမှာ ပရိသတ် တွေကို ဆွဲဆောင်နေတဲ့ အဓိက အရာကတော့ လက်ခုပ်သံ များများပါတဲ့ စည်းချက်တွေနဲ့ ကြိုတင်ပြင်ဆင် ထားတာမျိုး မဟုတ်တဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု ကကွက်တွေပဲ ဖြစ်ပါတယ်။ Solo နဲ့ Chorus ကြားထဲမှာ သီချင်း သီဆိုတတ်တဲ့ အမူအကျင့် ကလည်း ထူးခြား လှပါတယ်။ တစ်ခါ တလေမှာ ကြိုတင် စီစဉ်ထားခြင်း မရှိဘဲ သီချင်းဆိုနေရင်းနဲ့ သီချင်းစာသားတွေကို ထပ်တိုးဖြည့်ပြီး လက်တန်း သီဆိုထားတာမျိုးကိုလည်း တွေ့ရ  တတ်ပါတယ်။ ၁၉၆၀ ခုနှစ် နောက်ပိုင်းမှာ စတင်ပေါ်ထွက် ခဲ့တဲ့ Soul ဂီတဟာ ၁၉၄၀ ခုနှစ်နဲ့ ၁၉၅၀ ခုနှစ် အတွင်းမှာ ကျော်ကြားခဲ့တဲ့ Hard Gospel ဂီတရဲ့ ပုံစံတွေ အများကြီး ပါဝင် နေတာကိုတော့ ငြင်းလို့ မရပါဘူး။

Soul ဂီတရဲ့ သမိုင်းကြောင်းမှာ ထင်ရှားတဲ့ အနုပညာရှင် နှစ်ယောက် ရှိပါတယ်။ အဲဒီ အနုပညာရှင်တွေကတော့ Ray Charles နဲ့ Curtis May field တို့ပဲ ဖြစ်ပါတယ်။  Ray Charles ဟာ Soul ဂီတကို စတင် တီထွင်ခဲ့သူလို့ ပြောစမှတ် ရှိခဲ့ ကြပါတယ်။ I Got a Woman ဆိုတဲ့ သီချင်းဟာ Ray Charles ရဲ့ အနုပညာ သက်တမ်း တစ်လျှောက်လုံးမှာ လူကြိုက် အများဆုံး ခံရတဲ့ သီချင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Ray Charles ဟာ ကလေး ဘ၀ကတည်းက မျက်စိအလင်း ကွယ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့  သူဟာ သူ့ရဲ့ Soul သီချင်းပေါင်း များစွာကြောင့် ပြည်သူလူထုရဲ့ မေတ္တာကို ရရှိခဲ့ပါတယ်။ Ray Charles  အများဆုံး သီဆိုတဲ့ သီချင်း ပုံစံကတော့ ကရုဏာ သက်ဖွယ်ရာ သီချင်း ပုံစံလေးတွေပဲ ဖြစ်ပါတယ်။ Curtis May field ကတော့ အမေရိကန် မြောက်ပိုင်းရဲ့ ဂီတ ဖခင်ကြီးလို့ သိရပါတယ်။ Soul ဂီတနဲ့ ထင်ရှားခဲ့တဲ့ အခြား အစောပိုင်း အနုပညာရှင်တွေ ကတော့ Sam Cooke, James Brown နဲ့ Solomon Burke တို့ပဲ ဖြစ်ပါတယ်။ Soul ဂီတကို အမှီပြုပြီး ထွက်ပေါ်လာတဲ့ ဂီတတွေ ထဲမှာ Psychedelic rock, funk နဲ့ House ဂီတတို့ ပါဝင်ပါတယ်။ ၁၉၇၀ ခုနှစ်နဲ့ ၁၉၈၀ ခုနှစ်တို့မှာ Disco ဂီတနဲ့ funk  ဂီတဟာ Soul ဂီတထက်ကို ပိုပြီး လူကြိုက် များခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၈၀ ခုနှစ် အဆုံးမှာတော့ အရှိန် အဟုန်ကောင်း ကောင်းနဲ့ ကျော်ကြားခဲ့တဲ့ Disco ဂီတနဲ့ funk ဂီတကို ပရိသတ်တွေက ငြီးငွေ့စ ပြုလာကြပြီး Soul ဂီတကို တဖြည်းဖြည်း လူကြိုက်များ လာကြပါတယ်။ ဒါကြောင့် Soul ဂီတဟာ ၁၉၈၀ ခုနှစ် အဆုံးမှာ စတင်ကျော် ကြားခဲ့တယ်လို့ ပြောလို့ ရပါတယ်။ Soul ဂီတမှာ British-Soul, Blue-eyed Soul, Psychedelic Soul နဲ့ Neo-Soul ဆိုပြီး အစရှိတဲ့ ဂီတပုံစံ ခွဲတွေ အမျိုးမျိုးရှိ နေပါတယ်။ Psychedelic Soul ဂီတကတော့ Psychedelic rock နဲ့ Soul ဂီတတို့ ပေါင်းစပ်ထားတာ ပဲဖြစ်ပါတယ်။ Blue-eyed Soul ကတော့ R&B နဲ့ အလား သဏ္ဌာန်တူပြီး လူဖြူအနု ပညာရှင်တွေ သီဆိုတဲ့ Soul ဂီတ တစ်မျိုးပဲ ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ Soul ဂီတရဲ့ လူဖြူ အနုပညာ ရှင်တွေကတော့ Taylor Hicks, George Michae နဲ့ Amy Winehouse အစရှိတဲ့ ခေတ်သစ် Soul အနုပညာ ရှင်တွေပဲ ဖြစ်ပါတယ်။ British Soul ဂီတဟာလည်း ၁၉၆၀ ခုနှစ်မှာပဲ စတင်ပေါ်ထွက် ခဲ့တာဖြစ်ပြီး အင်္ဂလန် လူမျိုးတွေရဲ့ အနှစ်သက်ဆုံး ဂီတတစ်ခု ဖြစ်ခဲ့ပါတယ်။ Neo-Soul ဂီတကတော့ R&B နဲ့ Hip Hop တို့ ကို ပေါင်းစပ်ထားတဲ့ ဂီတတစ်ခု ဖြစ်ပြီး ၁၉၇၀ ခုနှစ်မှာ စတင်ခဲ့ ပါတယ်။ သီချင်းထဲမှာ ကဗျာ စာသားလို သီချင်း စာသားတွေ ပါဝင်နေတာ ဟာလည်း Neo-Soul ဂီတရဲ့ ထူးခြားတဲ့ အချက် တစ်ချက်ပဲ ဖြစ်ပါတယ်။

Soul ဂီတဟာ လူမည်းတွေက တီထွင်ခဲ့တဲ့ ဂီတတစ်ခု ဖြစ်ပေမယ့် လည်း Soul  ဂီတကျော်ကြား လာပြီး နောက်ပိုင်းမှာ လူဖြူတွေ ဟာလည်း Soul ဂီတကို သဘောကျ နှစ်ခြိုက် ခဲ့ကြပြီး Soul ဂီတ လူဖြူ အနုပညာရှင် တွေလည်း ပေါ်ထွက်လာ ခဲ့ပါတယ်။ ဒါကြောင့် Soul ဂီတဟာ လူဖြူတွေနဲ့ လူမည်းတွေကို ပေါင်းစည်းပေး ခဲ့တဲ့ ဂီတတစ်ခု လို့ပြောရင်လည်း မမှားပါဘူး။ Soul ဂီတဟာ ယနေ့ခေတ် လူငယ်တွေနဲ့ အနည်းငယ် ဝေးကွာနေတဲ့ ဂီတတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Soul ဂီတဟာ တစ်ချိန်က ကျော်ကြားခဲ့တဲ့ ဂီတ တစ်ခုပဲ ဖြစ်တဲ့အတွက် Soul ဂီတ ပျောက်ကွယ်မသွား ခင်မှာ လူငယ်တွေအတွက် သိသမျှ၊ မှတ်သမျှ လက်ဆင့်ကမ်း ပေးလိုက်ရ ပါတယ်။           

Thursday, October 27, 2011

ရင်နာတယ်



တာဝက အပြန်

စီးချင်တယ် ထိုင်ခုံဆိုလို့

ကိုယ်ထကာပေး
......
ချစ်ဆုံးသူက ချိုကြည်သာအသံလေးနဲ့

သူ့ဘဲကိုခေါ်ကာ 

ထိုင်ခိုင်းတယ်လေး
...........

Saturday, October 15, 2011

ကမ္ဘာကျော်ခဲ့သော အလွဲများ

Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီအသေးလေးလုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေးခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။

စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။
Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ်တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲ သိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံးရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။
Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်းကျင်ပါဘူး။ ဒါကြောင့် Google Home Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်) ဆိုတာကိုရွေးလိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ်တဲ့လူကလွဲပြီးတော့ Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခုဆိုရင် Google ဆိုတာ အင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထွက်တဲ့အထိ အောင်မြင်နေပါပြီ။
Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်တွေကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင် Facebook သင်္ကေတဖြစ်နေပါပြီ။
Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက်တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီးထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။

Credit : Than Htike Aung
(www.journal-sanchaung.com)

Thursday, October 13, 2011

ယုံပါ


တစ်နေ့တော့ ၀တ်မှုန်တစုံထဲ

တိတ်တိတ်လေး   ငုံလျိုးဝင်မိတယ်.. 

ငါ့တစ်ကိုယ်လုံး အ၀ါတွေဖုံးလို့

ပင်လယ်ရေကလည်း ငန်လိုက်တာ.. ကွယ်

ကမ်းခြေက ကျောက်ဆောင်မှာ

ငါထိုင်ငေးနေမိတယ်...

မငိုပါနဲ့

ကလေးရယ်.. 

ဟိုးမိုးသားပြာပြာထက်က 

အလင်းလက်ဆုံးကြယ်ဟာ

မင်းပဲလို့ ကိုယ်အမြဲယုံကြည်ပါတယ်

.................

Tuesday, October 11, 2011

ချစ်တယ်

ချစ်တယ်

တီကောင်က မြေကြီးကို

ချစ်သလိုမျိုး

နင့်ကို အရမ်းချစ်ပါတယ်...
နင့်နဲ့ ဝေးရမှာကို
လိပ်ခေါင်းထွက်မှာ ကြောက်သလို

ငါကြောက်ပါတယ်...

ငါ့ရဲ့ အချစ်က 

ကာနေရှင်း သုတ်ထားတဲ့ ချိုင်းလို

သန့်ရှင်း လတ်ဆက်ပါတယ်...ချစ်သူ

(နင့်မှာချိုင်းမွှေးရှိရင်သိမှာပါ)

နင့်ကို တွေ့တဲ့ အခါ

ဗိုက်နာတဲ့သူ အိမ်သာတွေ့သလို

အတိုင်းအဆမရှိ ၀မ်းမြောက်မိပါတယ်...ယုံပါ

(ခဏခဏ ၀မ်းမြောက်မိပါတယ် )
ဒီမှန်သော သစ္စာစကားကြောင့်

 တို့တတွေ မပေါင်းရရင်တောင်

တင်ပါးနဲ့ဖနောင့်လို 

အိမ်သာတက်တိုင်း နီးရပါစေ..ကွယ်

(ဒါပေမယ့်် ဘိုထိုင်တော့ ရွေးမတက်နဲ့ပေါ့ : D )


ငရုတ်သီး

မင်းက မျက်ရည်

ကိုယ်က နှပ်ချီး

အချစ်ဆိုတာ ငရုတ်သီး
..........

Thursday, October 6, 2011

အမိန့်


မမေ့ရဲဘူး

သူပေးတဲ့ အမိန့်ကို

ကျွန်တော် ချစ်တယ်..

မလွမ်းရဲဘူး

ထားခဲ့တဲ့ ကတိကို

ကျွန်တော် မြတ်နိုးရမယ်..

မျက်ရည် ကျမိတယ်

ဒီတစ်ကြိမ်ဟာ

ပထမဆုံး သစ္စာဖောက်ခြင်းပါ..။

ဆုတောင်း

မခွဲပါရစေနဲ့

တစ်နေ့၊ တစ်ရက်၊ တစ်မနက်သော်တောင်မှ...

မလွဲပါရစေနဲ့

တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်သော်တောင်မှ...

မလွမ်းပါရစေနဲ့

တစ်နှစ်၊ တစ်လ၊ တစ်ပတ်သော်တောင်မှ...

မမုန်းပါရစေနဲ့

တစ်ဘ၀၊ တစ်သက်၊ သံသရာ တစ်လျှောက်လုံးသော်တောင်မှ...။

လွမ်းသူ့ စာခွေ

လွမ်းစ ထွေသည်

အတူဖြေဆယ်တန်း 

ချစ်သူ ကျကျန်ခဲ့ သောကြောင့်...

နွမ်းလျ ခွေရီ

ကြင်ဖော်သက်နှင်း ချစ်ဦးသူသတင်း

စွန်းရိပ်စမျှ မရသောကြောင့်...

တောင်းဆုချွေသည်

ဆံတော်ရှင်ပေါင်း စေတီသောင်း၌

ချစ်သူ နေမကောင်း နေသောကြောင့် ....။

ည..တမ်းခြင်း

အမှောင်တွေ ၊ ကြယ်တွေ

ညတွေကို ချစ်တယ်..

လေနုအေးအေးလေး

မြတ်ရိုင်းပင် ပျော့ပျော့လေး

ကောင်းကင်က လမင်းလေး

အနောက်ရပ်မှာ စုန်းမီးတွေ လင်းနေဆဲ..လေ

ငါကျောမှာ သဲတွေတောင် ပေပေါ့

ဂစ်တာလေးလည်း ကြိုးတွေတောင် လျော့

သြော် ...........လွင်ပြင်ရယ်

လျှပ်စစ်မီးထက် ဖယောင်းတိုင်မီးကို 

ငါပိုချစ်တယ်ဆို ....

မင်းငါ့ကို လွမ်းနေမှာလား ... ကွယ်...။ ။

ကော်ဖီခါးခါး


ဒီတစ်ခါတော့

ဝေးရပြီ ထင်ပါတယ် ..

အကြိမ်ကြိမ် ဆယ်ခဲ့သမျှ

တစ်ခါတည်းနဲ့ နှစ်မြုပ်ပစ်တယ်

ပင်လယ် ဆန်လွန်းပါတယ်

ကောင်မလေးရယ်

မိုးတွေ အထပ်ထပ်ရွာခဲ့ပေမဲ့

ငါ့ကိုမှ ရွေးစိုခဲ့တယ်

ဒါဟာ ကံကြမ္မာလား ??

ငါတို့ရဲ့ အမှတ်တရတွေကို

ကော်ဖီနဲ့အတူ သွန်ပစ်လိုက်ပါတော့

နင်ကြိုက်တဲ့ ဖာလူဒါလောက်

သစ္စာမရှိဘူး ဆိုရင်လည်း

ငါစကား တစ်ခွန်းနဲ့တင်

ငါ့ကိုယ်ငါ သတ်သေလိုက်ပါ့မယ်
............

လမ်းခွဲ

ခုဆို ...
သူ့ရဲ့ မိုးတိမ်ရောင် ပါးပြင်မှာ
ဆည်းဆာခ လို့ ...
အပင်ကလေးရဲ့
အရှေ့ဘက် တစ်ခွင်ဟာလည်း
မှိုင်းညို့ အုပ်ဆိုင်းကာ

သစ်ရွက်တို့ ကျီစယ်မှုကိုတောင်
မခံနိုင်လောက်အောင်
ကိုယ်တို့တွေ နာကျင်ခဲ့ရပြီ

ဝေးရပြီ ...
စကားလုံးတွေက စိမ်းစိမ်းမြမြ
အကြည့်တွေ့က ပန်းနုရောင်ပြေးနေဆဲပဲ
သွားတော့ ကလေးရယ်
ထပ်တူမကျခြင်းတွေရဲ့ ရလဒ်ဆိုးပေါ့
မင်းကတစ်လမ်း  .....
ကိုယ်က တစ်လမ်း .....

သွားသူကတော့ တစ်ယောက်တည်း
ဒဏ်ရာနဲ့ ကျန်ခဲ့ရသူကတော့
သစ်ပင်ကလေးရယ်
ခုံတန်း ပြာပြာကလေးရယ်
ကိုယ်ရယ်
မသိမ်းနိုင်ခဲ့ တဲ့ မျက်ရည် အချို့ရယ် ....။

ဂစ်တာအိုးလေး

ငါက ဂစ်တာအိုးလေး တစ်လုံးပါ

မာယာတွေ ကြိုးတပ်ပြီး တီးနေသမျှ

သာယာနေတက်တဲ့ အိုးလေးတစ်လုံးပေါ့...

အချိန်တွေ ကြာလာ

ငါဟာ တဖြည်းဖြည်း ဟောင်းနွမ်းဆွေးမြည့်

အိုးအသစ်ကလေးတွေကြား အရောင်မှိန်လို့သွား

မာယာတွေဟာ နူးညံ့စွာနဲ့ ငါ့အနားက ထွက်ခွာသွားတယ်

ငါ့ရင်ခွင်ဟာ ကြိုးမဲ့စွာနဲ့

လစ်ဟာနေခဲ့ပေါ့

ဒါပေမယ့်

အမြဲတမ်း ရှင်သန်နေတဲ့ သံစဉ်တွေကြား

ငါဟာ ဂစ်တာအိုးလေး တစ်လုံးပါပဲ..

Saturday, August 20, 2011

"ချစ်သူသို့ (၄)"

ဒီမြေမှာ
ချစ်သောဝါးရနံ့တို့ လင်းသုန်နေကြပြီ။

ငါ ဆောင်းချင်တဲ့ ထီးကလေးရေ . . .။

မိုးရာသီအတွက်
မကြခင်မှာ တို့တွေထွန်ရေးဝင်ကြမယ်။

ရင်ကိုတောက်စားတတ်တဲ့ ကောက်ပဲသီးနှံများလို
ငါတို့လည်း အချင်းချင်း ၀င်းမှည့်တွယ်တာကြမယ်။

"နက်ဖြန်ခါ" ဆိုတာ . . .
နေ၀န်းက အသစ်ထပ်ရေးပေးတဲ့ ကဗျာပဲ
ဘယ်လိုလက်တွေကမှ ဆွဲမဖြဲနိုင်ဘူးကွယ့်။

သစ်ပင်အိုအောက်က နတ်ကွန်းမှာ
ဖယောင်းတိုင် မီးရှူးတစ်တိုင် ငြိမ်သက်ညှိထွန်းရင်း
တို့တွေ အလင်းခိုပြီး စောင့်မယ်။

***တာရာမင်းဝေ***