Pages

Showing posts with label အတွေးအပိုင်းအစလေးများ. Show all posts
Showing posts with label အတွေးအပိုင်းအစလေးများ. Show all posts

Wednesday, December 28, 2011

ငါသေသွားခဲ့ရင်

ငါသေသွားခဲ့ရင်.. ဆိုတဲ့အတွေးက သေချာတွေးကြည့်ရင် ကြောက်ဖို့ကောင်းပါတယ်။ ဒီဘ၀ကနေသေသွား ရင် ငါဘာဖြစ်သွားမလဲ။ လူပဲပြန်ဖြစ်မှာလား။ ငရဲကိုပဲသွားရမှာလား။ ဒါမှမဟုတ်.. ၀ိဥာဉ်ဘ၀နဲ့ပဲ ဆက်လက် ရှင်သန်သွားရမှာလား။ တွေးရင်တကယ်ပဲ ကြောက်မိပါတယ်။ လူဆိုတာမမြင်နိုင်တဲ့အရာတွေကို တွေး ကြောက်တက်တဲ့ သဘာဝရှိပါတယ်။ ကျွန်တော်အခုတလော supernatural ဆိုတဲ့ နိုင်ငံခြားသရဲဇာတ်လမ်းတွဲ လေးတစ်ခုကို စိတ်ဝင်တစားကြည့်ဖြစ်တယ်။ ဇာတ်လမ်းမှာ ညီအကို နှစ်ယောက်က သရဲဝိဥာဉ်တွေကို လိုက် နှိမ်နှင်းတဲ့ကားပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒီမှာ ၀ိဥာဉ်တွေရဲ့ ဖြစ်တည်မှုက အရမ်းကြောက်ဖို့ ကောင်းတယ်။ လူတွေဟာ သေသွားတယ်။ ကုသိုလ်ထက်၊ အကုသိုလ်က များတဲ့အခါ ငရဲကို သွားရတယ်။ ငရဲ ကပြန်တက်လာတဲ့အခါ သူတို့မှာသွားစရာနေရာမရှိဘူး။ မြန်မာအယူအဆနဲ့ဆိုရင်တော့ ပြိတ္တာတွေပေါ့။ သူတို့ ဟာ သူတို့ရဲ့ဘ၀ကြီးကို ကြောက်လန့်နေတယ်။ ငရဲကို ပြန်မသွားချင်ဘူး။ သူတို့ရဲ့ဘ၀ကို လူတွေကိုပြောပြဖို့ ကြိုးစားတယ်။ ဒါပေမယ့် လူတွေရဲ့ စက်ဆုပ်ရွံရှာတဲ့ ကြောက်လန့်မှုတွေကိုပဲ ရတယ်။ အဲ့ဒီလိုနဲ့ သူတို့ဟာနှစ် ပေါင်းများစွာ ခက်ခဲပင်ပန်းစွာရှင်သန်နေရတယ်။ ထွက်ပေါက်ပိတ်နေတဲ့ သူတို့ဘ၀ကို ဒေါသတွေက အမှောင် ဖုံးပြီး လူသားတွေကို ထွက်ပေါက်အဖြစ်အသုံးချလာကြတယ်။ လူတွေသတ်တယ်။ လူသားတွေကို ၀င်ရောက် ပူးကပ်ပြီး လူ့ဘ၀မှာ ရှင်သန်နေထိုင်ဖို့ကြိုးစားကြတယ်။ ဒါပေမယ့်နောက်ဆုံးမှာ နှိမ်နှင်းခံရတဲ့အခါ ငရဲကို ပြန် ရောက်သွားပြန်တယ်။ ဒီလိုနဲ့ အငြိုးအတေးကြီးမားစွာနဲ့ ငရဲတလှည့်၊ ၀ိဥာဉ်ဘ၀တလှည့်နဲ့ ရှင်သန်နေရရှာ တယ်။ တကယ်တော့ သူတို့ဘ၀ဟာ သနားစရာအတော့်ကို ကောင်းပါတယ်။ အဲ့ဒီမှာ ကျွန် တော်စဉ်းစားမိတယ်။ ကျွန်တော်တို့ သေသွားခဲ့ရင်ကော၊ ဒီလိုထွက်ပေါက်ပိတ်တဲ့ ဘ၀မျိုးကို ရောက်မှာကို တွေးကြောက်မိတယ်။ မြန်မာအယူအဆမှာတော့ အမျှဝေပေးတာ၊ သေသူအတွက် ကုသိုလ်ကောင်းမှု ပြုလုပ် ပေးတာမျိုးတွေ ရှိပေမယ့် အမျှတောင်မခေါ်နိုင်တဲ့ ပြိတ္တာဘ၀မျိုးကို ရောက်သွားခဲ့ရင် ဘယ်လိုဖြတ် သန်းရမလဲ။ ဒါဆို အဖြေက ရှင်းရှင်းလေးပါ။ ရှင်သန်နေထိုင်စဉ်အတွင်းမှာ ကောင်းမှုကုသိုလ်လုပ်ပေါ့။ ဒါ ပေမယ့် လူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘ၀ကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေကြတာပါပဲ။ ကုသိုလ်၊ အကုသိုလ် ဆိုတာကိုလည်း မသိကြပါဘူး။ ဘယ်သူမှလဲ ငါသေသွားခဲ့ရင် ဘယ်ဘုံဘ၀ကို ရောက်သွားမလဲ လို့ တွေးတောပူပန်သူက ရှားပါတယ်။ တကယ်ရင်ဆိုင်ရတဲ့အခါ အဲ့ဒီ အခြေနေကြီးကို လက်ခံနိုင်ပါ့မလား။ ကျွန်တော်ရဲ့ အတွေးခေါ်တွေက ခေါင်ချင်ရင်လည်း ခေါင်နေပါလိမ့်မယ်။ ကျွန်တော်ငယ်ငယ်က တွေးမိတာ တစ်ခုရှိတယ်။ ငါအသက်ကြီးလာလို့ လူကြီးဖြစ်သွားရင် ဘယ်လိုပုံစံမျိုးကြီးနဲ့ နေထိုင်ရမလဲလို့ ခဏခဏ တွေးပြီး ရင်ခုန်မိတယ်။သေခြင်းတရားဟာ ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုပါ။ တစ်ချိန်ကျရင် ကျွန်တော်တို့ဟာ လူ့သားတွေကို ပြန်ကြည့်ရတဲ့ အနေထားတစ်ခုကို ရောက်ကြရမှာပါ။ တချို့ရှိပါတယ်။ သေသွားတာကို မသိတဲ့အဖြစ်မျိုးတွေ၊ ရက်လည်ဆွမ်းသွပ်ပြီး အမျှဝေမှ ငါသေသွားတာပါလားလို့ ကြောက် လန့်တကြား ဖြစ်ခဲ့ရတဲ့ သူတွေ အများကြီးပါ။ အဲ့ဒီအခါကျ ကုသိုလ်ကောင်းမှုလုပ်ချင်ရင်တောင် လုပ်ခွင့် မရ တော့တဲ့ ဘ၀မျိုး ရောက်ကြရမှာပါ။ ကျန်ရစ်တဲ့ မိသားစုက ကျွန်တော်တို့ကို မေ့မေ့ပျောက်ပျောက်ထား ခဲ့ရင်၊ ကျွန်တော်တို့ ဘယ်လိုဘ၀မျိုးနဲ့ နေထိုင်ရတယ်ဆိုတာကို မသိခဲ့ရင် အဲ့ဒါဟာ ကြောက်စရာကြီးပါ။ အဲ့ ဒီအခါ ခုနက ကျွန်တော်ပြောတဲ့ supernatural ထဲကလို ထွက်ပေါက်မရှိတဲ့ ၀ိဥာဉ်တွေဘ၀ကို ရောက်သွားရ တဲ့အဖြစ်မျိုးကို ရောက်သွားခဲ့ရင် ဆိုပြီး တွေးပြီး ကြောက်နေမိတယ်။ ကျွန်တော်မှာ အဲ့ဒီအတွေးတွေ ၀င်ပြီး ကတည်းက နေခြင်းညခြင်း သေတော့မဲ့လူလိုပဲ ကောင်းမှုကုသိုလ်တွေကို တတ်နိုင်သလောက် ရှာကြံပြီး လုပ်နေမိတာပါပဲ။ ခင်ဗျားတို့ကိုလည်း နည်းနည်းတော့ သတိရှိစေချင်ပါတယ်။ ဗုဒ္ဓဘုရားဟောခဲ့သလိုပါပဲ လူဆိုတာ ကွေးသောလန့်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ သေသွားနိုင်ပါတယ်။ အဲ့ဒီတော့ ငါသေသွားခဲ့ ရင် ဆိုတဲ့ အတွေးကို နည်းနည်းလောက်တော့ တွေးကြည့်သင့်ပါတယ်။

Friday, December 16, 2011

အကောင်းမြင်ဝါဒ

    ဒီနေ့တော့ သူထူးထူး ခြားခြားလေး တစ်ခုတော့ လုပ်ချင်စိတ်ဖြစ်မိတယ်။ ဘာလုပ်ရင်ကောင်းမလဲလို့ သူစဉ်းစားတယ်။ ဒါနဲ့ ခြံစည်းရိုးက ပုဏ္ဏရိပ်ပန်းလေးတွေကို သူသတိရသွားတယ်။ သူတို့ကို အလှဆင်ရင် ကောင်းမယ်။ ခြံလေးလည်း လှသွားမယ်။ မြင်ရတဲ့သူတွေလည်း စိတ်ချမ်းသာသွားမယ်။ အဲ့ဒါနဲ့ သူကတ်ကြေးတစ်လက်ကို ရှာပြီး ပန်းတွေကို အလှဆင်တယ်။ ပထမဆုံး ဘယ်လိုပုံစံမျိုးလေး လုပ်ရင် ကောင်းမလဲလို့ သူစဉ်းစားတယ်။ ပုပုလေးလား။ ၀ိုင်းဝိုင်းလေးလား။ ဒါမှမဟုတ် ပစ္စည်း တစ်ခုခု ရဲ့ပုံစံလေးဆိုရင်လည်း ကောင်းတာပဲ။ သူအမျိုးမျိုးစဉ်းစားတယ်။ နောက်ဆုံးတော့ သူအဖြေတစ်ခု ရတယ်။ စဉ်းစားနေရုံနဲ့ မပြီးဘူး။ တစ်ခုခုလုပ်မှ ပြီးမယ်။ ဒါနဲ့ပဲ သူစတင်ပြီး အလှဆင်တယ်။ ကတ်ကြေးတစ်လက်နဲ့ ဖြတ်တယ်။ ညှပ်တယ်။ လှီးတယ်။ ဟိုနားတိတယ်။ ဒီနားတိတယ်။ တစ်ဖြည်းဖြည်းနဲ့ သူလိုချင်တဲ့ ပုံစံလေး ပေါ်လာတယ်။ ဆွမ်းအုပ်ပုံလေး။ လှတော့လှပါတယ်။ ဒါပေမယ့် သူအိမ်က ဘုန်းကြီးကျောင်းလိုလို၊ ဘာလိုလိုဖြစ်သွားမယ်။ လူတွေကလည်း ၀ိုင်းလှောင်ကြဦးမယ်။ ဒါဆို နောက်ပုံစံတစ်ခု ပေါ့။ ဘာပုံလေးဆို လှမလဲ။ ငှက်ပုံစံလေး ဆိုတော်တော်လှမယ်။ သူညှိတယ်။ တိတယ်။ ဖြတ်တယ်။ ပြီးသွားတယ်။ ငှက်နဲ့မတူဘူး။ ၀က်လိုလိုဘာလိုလိုကြီးဖြစ်သွားတယ်။ သူ စိတ်ညစ်သွား တယ်။ ငါတော့ အလှောင်ခံရပါပြီလို့ သူတွေးမိတယ်။ မထူးပါဘူးလေ။ နောက်တစ်ခုပေါ့။ ထီးပုံစံလေးနဲ့ဆို ပိုအ ဆင်ပြေမယ်ထင်တယ်။ ကြာပါတယ်။ လှီးတယ်။ ဖြတ်တယ်။ ညှပ်တယ်။ တိတယ်။ ဟိုပုံညှပ်၊ ဒီပုံညှပ်နဲ့ဆိုတော့ ပန်းအုံက တော်တော်လေးသေးသွားပြီ။ အဲ့ဒီတော့ ထီးကသေးသေးလေးလေး ဖြစ်သွားတယ်။ ပန်းအုံတွေ အများကြီးထဲမှာ ဒီပန်းအုံက ထီးပုံစံသေးသေးလေးနဲ့ ဘယ်လိုမှ ကြည့်လို့မလှဘူး။ လူတွေက ဒါကိုမြင်ရင် သူ့ကို ဘယ်လိုပြောကြမလဲ။ လင်းလင်းတို့။ ဖိုးတာတို့က သိပ်လှောင်တဲ့ ကောင်တွေ။ သွားပါပြီ။ သူထပ်ညှပ်တယ်။ ထပ်တိတယ်။ တဖြည်းဖြည်းနဲ့ ပန်းအုံလေးကသေးလာပြီ။ သူလိုချင်တဲ့ ပုံစံမရသေးဘူး။ သူတော်တော်ဒေါသ ထွက်လာပြီ။ ကဲ..ဒီလောက်ဖြစ်လှတဲ့ ပန်းကွာ။ သေစမ်း၊သေစမ်း။ သူ့ရဲ့ ဒေါသတကြီး ကတ်ကြေးရဲ့အောက်မှာ ပန်းအုံလေးက အရွက်တွေဟာ အစိတ်စိတ်အမွှာမွှာ။ အခုတော့ ဆွမ်းအုပ်ပုံလည်း မရှိတော့ဘူး။ ထီးလေး လည်းမရှိတော့ဘူး။ ငှက်လေးလည်း ပျောက်။ ပင်စည်လေးပဲကျန်တော့တယ်။ အခုမှ ခြံစည်းရိုးဟာ ပိုကြည့် ရဆိုးသွားတယ်။ ပုဏ္ဏရိပ်ပန်းအုံတွေ အများကြီးကြားထဲမှာ တစ်ပင်ထဲ အရိုးချည်းပဲ ကျန်နေတယ်။ သူစိတ်ထိ ခိုက်စွာနဲ့ ကတ်ကြေးကို တစ်လှည့်၊ ပန်းအုံလေးကို တစ်လှည့် ကြည့်နေမိတယ်။

မှတ်ချက်။ ။ ကိုယ်လုပ်ပြီး ဘယ်တော့မှ နောင်တမရပါစေနှင့်။ အလုပ်တစ်ခုလုပ်ရင် ကိုယ်စိတ်နဲ့ အရင်ညှိပါ။ ပတ်ဝန်းကျင်နှင့် နောက်မှ ညှိပါ။ ကိုယ်လုပ်သမျှအားလုံးကောင်းပါသည်။

Tuesday, December 6, 2011

ကတ်သီးကတ်သတ်

တစ်နေ့က ကျွန်တော်သန်လျင်ပြန်တော့ မြို့မကားဂိတ်နားက သံပန်း၊ သံတံခါး ဆိုင်လေးတစ်ခုကို တွေ့ပြီး အတွေးတစ်ခု ၀င်မိတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ နေ့တိုင်းလည်း သွားလာနေကြ။ မြင်နေကြ။ အဲ့ဒီနေ့မှ ထူးထူးဆန်းဆန်း ကတ်သီးကတ်သတ် အတွေးဝင်မိတယ်။ သန်လျင်မြို့မကားဂိတ်နားမှာ သံပန်း၊ သံတံခါး၊ ဒန်းတွေ အစုံရောင်းဆိုင်ရှိတယ်။ သူ့ဆိုင်းဘုတ်က ဒီလို။

ကြည်
သံပန်း၊ သံတံခါး ရောင်းဝယ်ရေး... တဲ့။

အဲ့ဒီ ဆိုင်းဘုတ်ဖတ်ပြီး ကျွန်တော်လည်း မဆီမဆိုင် သွားတွေးမိတယ်။ တခြားတော့မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်စာလေး တစ်စောင်ပါ။ အားလုံးလည်း သိကြမှာပါ။ ဒေါ်ခင်ကြည်ကို ရေးတဲ့စာလေးပါ။

ကြည်
ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်...။

ကျွန်တော်ခေါင်းထဲမှာ အီလည်လည်ကြီးခံစားရတယ်။ အပေါ်က စာနှစ်ခုက မတူပါဘူး။ ဒါပေမယ့် ကျွန်တော်စိတ်ထဲမှာ တစ်ခုခုလွဲနေသလို ကိုးလိုးကန့်လန့် အတွေးကြီးသွားဝင်တယ်။ ဘာကြီးမှန်းလည်း မသိပါဘူး။ အဲ့ဒီနေ့က ညဘက်အိပ်တာတောင် လူက ခိုးလိုးခုလုကြီးနဲ့ ဘယ်လိုကြီးမှန်းကို မသိတော့တာ။
ကဲ... ခင်ဗျားတို့ရော အဲ့ဒါကို ဘယ်လိုမြင်ကြသလဲဗျာ..။