Pages

Showing posts with label ကျွန်တော် အကြောင်း. Show all posts
Showing posts with label ကျွန်တော် အကြောင်း. Show all posts

Monday, December 19, 2011

ဆံပင်ညှပ်ရင် သတိထား

 တစ်နေ့က ဂစ်တာတီးဖို့အတွက် သီချင်းစာအုပ်သွားဝယ်တယ်။။ထူးအယ်လင်းနဲ့ မီးမီးခဲရဲ့ မင်း ဆိုတဲ့ သီချင်းလေးကို ကြိုက်လို့တီးချင်တာနဲ့ သွားဝယ်ဖြစ်တာ။ သီချင်းစာအုပ်ဆိုင်က ဆူးလေဘုရားနားမှာ။ စာအုပ် တွေကလည်း သိပ်မစုံပါဘူး။ ဟိုကြည့်ဒီကြည့်နဲ့ ရှာကြည့်တာ မတွေ့ဘူး။ အဲ့ဒါနဲ့ ဆိုင်ရှင်အမကြီးကို မေးကြည့် တယ်။ အမ ဆန္ဒ ရှိလားလို့..မေးမိတယ်။ အဲ့အမကြီးက ကျွန်တော့်ကို မျက်လုံးကြီးပြူးပြီး ဘာပြောတာလဲတဲ့။ကျွန်တော်လည်းကြောင်သွားတယ်။မကြားဘူးထင်တာနဲ့နောက်တစ်ခေါက်ထပ်ပြောတယ်။ အမ ဆန္ဒ ရှိလား လို့..။ ပြီးမှ ကိုယ့်စကား ကိုယ်သတိရသွားပြီး ထူးအယ်လင်းနဲ့မီးမီးခဲရဲ့ ဆန္ဒ အခွေကိုပြောတာပါလို့ မနည်းကြီး ရှင်းပြလိုက်ရတယ်။ အဲ့ခါကျမှ ကျွန်တော့်ကို ဘုကြည့်ကြည့်ပြီး မရှိဘူး ခပ်တင်းတင်းကြီးပြောလွှတ်တယ်။ တော်သေးတာပေါ့ ရိုက်မလွှတ်တာ။
       ဟိုတစ်နေ့ကလည်း လေးဆယ်ခြောက်လမ်းကို ကျူရှင်သွားအပ်တယ်။ ပြန်လာတော့ ဒေါက်တွေ ရှည်နေတာနဲ့ ၀င်ညှပ်မယ်ဆိုပြီး ခေါင်းညှပ်ဆိုင်သွားတယ်။ ဆိုင်ရောက်တော့ သူက ဘယ်လိုညှပ်မလဲတဲ့။ ကျွန်တော်ကလည်း ဦးလေး ဒီဒေါက်တွေကို နည်းနည်းတိုမယ်ဗျာလို့ ပြောလိုက်တယ်။ အဲ့မှာ သူက ကတ်ကြေး နဲ့စညှပ်တော့တာပဲ။ ကတ်ကြေးနဲ့ညှပ်တော့ ဆံပင်တွေက တုံးတိတိကြီးတွေ ဖြစ်နေတယ်။ မသိရင် ဆိုင်ကယ် ဦးထုပ်ကိုပဲ အပြင်က ကာဗာချွတ်ပြီး ဆောင်းထားသလိုလို၊ အုန်းမှုတ်ခွက်ပဲ ခေါင်းပေါ်တင်ထားသလိုလိုနဲ့ တော်တော် ကြည့်ရဆိုးတာ။ အဲ့ဒါနဲ့ ဦးလေး ကတ်ကြေးနဲ့ မညှပ်နဲ့တော့ စက်နဲ့သာ တွန်းလိုက်တော့ဗျာလို့ ဆို ပြီး ကျွန်တော်က နားထင်ကို လက်နဲ့တွန်းတဲ့ ပုံလုပ်ပြလိုက်တော့ သူကရယ်ပြီး အော်..ဟိုကေလားတဲ့။ ကျွန်တော်လည်း အင်း လို့ခေါင်းညိတ်လိုက်တယ်။ သူသဘောပေါက်မယ်ထင်တာပေါ့။ သူက သူ့စက်ကို သန့် ရှင်းရေး လုပ်သေးတယ်။ပြီးမှ ကျွန်တော်ခေါင်းကို ကိုင်ပြီးတွန်းတင်လိုက်တာ ငယ်ထိပ်ပြောင်ထွက်သွားတယ်။ ကျွန်တော်လည်း အလန့်တကြားနဲ့ ဟာ ဦးလေး ဘာလုပ်တာလဲလို့ဆိုတော့ ဟာမင်းပဲ ကတုံးကေဆိုကွတဲ့။ သေရောဗျာ။ ကျွန်တော်လည်း မထူးပါဘူး ဆိုပြီး တုံးဗျာ..လို့လွှတ်ပေးလိုက်တော့တယ်။ ဆံပင်ညှပ်ဆိုင်က ထွက်တော့ ဟိုလူကြည့် ဒီလူကြည့် နဲ့မျက်နှာကို ချိုင်း ကြားထဲပဲ ထည့်ထားရတော့မလိုလို၊ လွယ်အိတ်ကို ခေါင်းစွပ်ရတော့မလိုလိုနဲ့ ရှက်လိုက်တာ ပြောမနေ ပါနဲ့တော့ဗျာ။ အဲ့ဒီတော့မှာ သြော်... ပြန်ပြုပြင်လို့မရတဲ့ အမှားထဲမှာ ဆံပင်ညှပ်တာလည်းပါတာကိုးလို့ အတွေးပေါက်မိတော့တယ်။ ကျွန်တော်အဖြစ်ကတော့ ထူးအိမ်သင်ရဲ့ တစ်နေ့စာ အလွဲများလိုပဲ လွဲပြီးရင်း လွဲ နေတော့တာပါပဲ။

Sunday, December 18, 2011

ကျွန်တော်နှင့် အချစ်ကံကြမ္မာ

 ကျွန်တော်က အချစ်ရေး ကံခေပါတယ်။ ပြောရရင် ရင်နာဖို့ကောင်းပါတယ်။ ကျွန်တော်ခြောက်တန်းလောက် မှာကောင်မလေး တစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိပါတယ်။ အဲ့ဒီတုန်းကတော့ သူက ကျောင်းမှာ အချော ဆုံးပေါ့။ ကြိုက်တဲ့ကောင်တွေကလည်း ထောင်လမောင်းကို ထနေတာပဲ။ သူကလည်း ဖလန်းဖလန်းကို ဖြစ်နေ တာပဲ။ ကျွန်တော်တို့ သူငယ်ချင်း လေးယောက်ရှိတာ သုံးယောက်က သူနဲ့ တစ်နှစ်ကို တစ်ယောက် ကြိုက်တယ်။ ခြောက်တန်းမှာ တစ်ယောက်ကြိုက်တယ်။ ခုနှစ်တန်းမှာတစ်ယောက်ကြိုက်တယ်။ရှစ်တန်းမှာတစ်ယောက်ကြိုက်တယ်။ကျွန်တော့်အလှည့် ရောက်တော့ ကျွန်တော်ကျောင်းပြောင်းရတယ်။ရင်ထဲမှာနာလွန်းအားကြီးလို့ငါးရက်လောက် ဘောလုံးပစ်ကန်ပလိုက်တယ်။ အဲ့လိုနဲ့ကိုးတန်းရောက်တယ်။  ရောက်ရောက်ခြင်းမှာပဲ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားတယ်။  ဟင့်.. ကံများမကောင်းခြင်းတော့ သူ့မှာ ရည်းစားရှိတယ်တဲ့။ အသေအလဲကို ကြေကွဲရတာ။ သြော်.. စကား မစပ် တစ်ခါတလေတော့လည်း ကံကောင်းတတ်ပါတယ်။ ခုနကကောင်မလေးကို ကျွန်တော်ကြိုက်တော့ အံမာသူ့ညီမကကျွန်တော့်ကိုလိုက်ကြိုက်တယ်။လက်စားများချေတာလားမသိဘူး။ဆယ်တန်းရောက်တယ်။
ကျွန်တော့်ကောင်မလေး သူ့ဘဲဘဲ နဲ့ပြတ်သွားတယ်။ ၀မ်းသာလိုက်တာ ပြောမနေပါနဲ့..ဟီးဟီ။ ကျူရှင် အတူတူ တက်ရအောင် ဖန်ပြီးတော့ ရည်းစားစကားလည်း ပြောမယ်လုပ်ရော ဆရာက သိသွားပါရော။ ဒီလောက်အရေး ကြီးတဲ့ စာမေးပွဲမှာ ဒီပေါက်ကရအလုပ်တွေ လုပ်ရမလားဆိုပြီးဆူပါလေရော။ သူကျတော့ မိန်းမယူပြီး သူများရည်းစားလေးတစ်ယောက် ထားတာကို ပေါက်ကရအလုပ်တဲ့..ဟွန်း။ အဲ့လိုနဲ့ပဲ.. အီလည်အီ လည်ကြီးနဲ့ ဇာတ်လမ်းပြီးသွားတယ်။ မြန်မာစာဆရာမက ကျွန်တော့်ကို ဗေဒင်ဟောတယ်.. သား..နင်က မေတ္တာရေးကံမကောင်းဘူးတဲ့..။ဆရာမနဲ့ အတူတူပဲတဲ့။ ဆရာမ ယောကျာ်းက ဆိုးလိုက်တာ ပြောမနေပါနဲ့။ အချိန်ရှိသရွေ့မူးရူးပြီး ဆရာမကို နှိပ်စက်တာ။ ဒင်းလည်း ကြာကြာမခံပါဘူး။ ဂန့်တာပါပဲ။ ဒါပေမယ့် ကျွန်တော်စိုးရိမ်သွားတယ်။ ဆရာမနဲ့အတူတူပဲ ဆိုတော့ တော်ကြာ ကျွန်တော်မိန်းမက အရက်တွေဘာတွေ သောက်ပြီး ကျွန်တော့်ကို နှိပ်စက်ရင် ဒုက္ခပါပဲလို့ တွေးမိတယ်။
 ကျွန်တော်က အချစ်ရေးမှာ ကံခေပါတယ်။ တက္ကသိုလ်မှာ ကောင်မလေးတစ်ယောက်ကိုကြိုက်တယ်။ သူက ပြန်ကြိုက်မလိုလိုနဲ့ ရည်းစားရှိတယ်ဆိုပြီး ငြင်းတယ်။ တော်တော် ရက်စက်တဲ့ မုဆိုးတပိုင်း မိန်းမရိုင်းကြီး ။ သူငယ်ချင်းတွေက ပြောတယ်။ မိုးနင်း မင်း နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်တဲ့။ မင်းတော့အချစ်ရေးမှာကံခေမယ်တဲ့။ သေချင်းဆိုးက တမှောင့်။ ငိုချင်ရက် လက်လာတို့နေတယ်။ ဗေဒင် တွေလိုက်ဖက်တော့လည်း အကုန်ကောင်းနေတယ်။ လက်တွေ့မှာတော့ သောက် တလွဲကြီးပဲ။ အဲ့အကြောင်းကို အခုပြော၇င် အခုငိုချင်တယ်။ လာကြိုက်တဲ့ ကောင်မလေးတွေတော့ ရှိပါတယ်။ ပုံဆိုးပန်းဆိုး ကြီးတွေ။ မပြောချင်ဘူး။ ဟို..ချောကလက် ကျူးပစ်က မျက်စိသိပ်မကောင်းဘူးလား မသိဘူး။ ။ သူများကို လှလှလေးတွေ မရှာပေးဘူး။ ဒင်းအလှည့်ကျရင် ပိုးစိုးပက်စက်တွေနဲ့ ရပါစေဗျာ။ အဲ့အကြောင်းကို အခုပြောရင် အခုငိုချင်တယ်။ တကယ်ပါဗျာ။ ကျွန်တော်က အချစ်ရေးမှာ ကံခေပါတယ်။