တစ်နေ့သ၌
ကျွန်ုပ်နေထိုင်ရာ ဒိုက်အေမြို့ ငပိစိမ်းသား ခြံတွင် ကျွန်ုပ်သည် နံနက်ခင်း၏ အလှအား
ခံစားရန်အလို့ငှာ ဒရင်းဘက်လေးပေါ်တွင် လှဲလျောင်းကာ ပတ်ဝန်းကျင်အလှအား ကြည့်ရှုခံစားနေ
လေသည်။ ထိုအခိုက် လွန်စွာမှပင် သုတ်သီးသုတ်ပြာနိုင်လှသော ဗရုတ်သုတ်ခ၊ ဗြုတ်စပြဲလောင်း၊
အုတ်ကြားမြတ်ပေါက်၊ ဓါတ်တိုင်သေးပန်း၊ ဆလပ်ရွက်ခေါင်းမြီးခြုံ ၊ ဂေါ်ဖီထုပ် ခေါင်းဦးကာ၊
ဇလီဖာတုံး ချီးကုန်းသော ကိုငြိမ်းနိုင်ဆိုသော လူကြီးသည် ရောက်ရှိလာလေ၏။ ထိုနောက် မပြောမဆိုပင်
ကျွန်ုပ်၏ ဘေးနားသို့ ၀င်ထိုင်ကာ ဖတ်လတ်စစာအုပ်ဖြစ်သော ပါးရှား နက္ခဗေဒင်ဆရာ အယ်လ် ဟာကင်မ်၏ ဂျူဒီရှာ ဂီမာစပီယာ စာအုပ်ကို ကောက်ကိုင်ကာ
ဟိုလှန်ဒီလှန် လုပ်နေလေသည်။ကျွန်ုပ်မှာ ထိုလူကြီး ရောက်ရှိလာသောကြောင့် အတော်ပင် စိတ်အနှောက်အယှက်
ဖြစ်မိချေ၏။ ကျွန်ုပ်၏ သာယာမှုအပေါင်းမှာလည်း ချုပ်ငြိမ်းလေပြီဟု စိတ်တွင် မှတ်ထင်မိလေ၏။
ထိုကြောင့် ကျွန်ုပ်မှာ တဖက်သို့ လှည့်ကာ လူကြီးလူကောင်းတို့ မပြုလုပ်အပ်သော ကျွတ်
ဟူသော အမူအရာအား ပြုလုပ်ကာ တဖက်သို့ လှည့်နေလိုက်လေ၏။ သို့သော် ထိုအလိုက်ကန်းဆိုး မသိသော
လူကြီးသည် ကျွန်ုပ်၏ အမူအရာအား ဂရုမထား ဘိအလား စာအုပ်အား ဟိုလှန်ဒီလှန်ပင် လုပ်လျက်ရှိချေ၏
။ ကျွန်ုပ်မှာ မတီးလျင် မမြည်ဟူသော ဆိုရိုးစကားအရ ကိစ္စမြန်မြန်ပြီးရန် အလို့ငှာ လာရင်းကိစ္စအား
မေးမြန်းရလေတော့၏။
‘ ဒီမှာ ကိုငြိမ်းနိုင်
ကျုပ်ဆီကို ဘာလာလုပ်ရပြန်တာတုန်း.. ခင်ဗျားဟာခင်ဗျား ဘလောဂ့်လေးဘာလေးရေးပြီး အငြိမ့်သား
ထိုင်နေပါရော့လား..’’
ထိုအခါမှပင်
ထိုလူကြီးသည် ကျွန်ုပ်ဘက်သို့ လှည့်ကာ စပ်ဖြီးဖြီး မျက်နှာနှင့် ပြန်ပြောလေ၏။
“ အဲ့လို
ထိုင်နေလို့ မဖြစ်လို့ပေါ့ ဆရာရယ်.. အဲ့ဒါကြောင့် ဆရာဆီ အကူညီလာတောင်းတာပါ.. ပြီးတော့
ဆရာက ဒီလိုကိစ္စမျိုးမှာ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ကျွန်တော်သိထားတယ်လေ..”
“ နေပါဦးဗျာ…
ဒီလောက်တောင် ညွှန်းနေရင်တော့ ခင်ဗျား မိန်းမလိုချင်ပြန်ပြီနဲ့ တူတယ်..”
“ သိပ်ဟုတ်တာပေါ့
ဆရာရယ်.. ဆရာက တကယ်ကို အကုန်လုံးကို သိနေတာပဲ.. ဟဲဟဲ.. မထူးတော့ပါဘူးဗျာ..ပြောရတော့မှာပေါ့
..ဒီလို ဆရာရဲ့ ဆရာအရင်တုန်းက ပေးတဲ့ ယတြာ တွေက ကောင်းပါတယ် ဒါပေမယ့် သိတဲ့ အတိုင်းပဲ
ကျွန်တော်က လုပ်လိုက်ရင် တလွဲဆိုတော့ ကပြောင်းကပြန် တွေ ဖြစ်ကုန်တာပေါ့.. အခုတခါတော့
လုံးဝကို လွဲလို့မရဘူးဆရာရေ… ကျွန်တော်က သူ့ကိုမှ မရရင် ရူးတော့မှဗျ.. အဲ့ဒါကြောင့်
ဆရာကို အကူညီတောင်းရတာပါ.. လုပ်ပါဦးဆရာ.. ဒီတစ်ခါတော့ ကွက်တိဖြစ်အောင် ကျွန်တော် ကြိုးစားပါ့မယ်..ဆရာ
…”
ထိုအခါကျွန်ုပ်မှာ
သူ့အား အရင်တုန်းက ပေးခဲ့သော ယတြာအား ပြန်လည် အမှတ်ရမိလေ၏။ ထိုအခါတုန်းကလည်း ယခုအတိုင်းပင်
ကျွန်ုပ်ဆီသို့ ရေးကြီးသုတ်ပျာ လာကာ အကူညီတောင်းသဖြင့် ကျွန်ုပ်မှာ လည်း တတ်ထားသည့်ပညာ
မနေသာဆိုသကဲ့သို့ ယတြာ လုပ်ပေးခဲ့ရဖူး၏။ ယင်းယတြာမှာ နှောင်းလူတို့ သိရန်အလို့ငှာ ဖော်ပြလိုက်ရပေ၏။
ယတြာက ဤသို့ဖြစ်၏။ မိန်းမလျာတစ်ယောက်၏ ပါးမှ သနပ်ခါးကို ယူကာ ပူပူနွေးနွေးသေပြီခါစ
မုဆိုးမ၏ အုတ်ဂူရှေ့သို့ သွား၍ တစ်လတိတိ သနပ်ခါးဖြင့် ထိုအုတ်ဂူအား သုတ်ကာ ငိုကြွေးရမည်
ဟူ၍ ဖြစ်သည်။ ထိုကိစ္စ၏ လျိုဝှက်ချက်ကိုလည်း မည်သူမျှသိ၍ မရပေ။ ကိုငြိမ်းနိုင်ကြီးမှာ
ထိုအတိုင်းပင် လိုက်လုပ်ရှာလေ၏။ သို့သော် တစ်ပတ်ပင် မပြည့်သေး မိန်းမလျာကို ပရောပရီ
သွားလုပ်သော ကြောင့် ထိုမိန်းမလျာက ၄င်းအား သနားကာ လက်ထပ်မည်ဟု ဆိုသောကြောင့် ထွက်ပြေးခဲ့ရလေသည်။
သူကြိုက်သော ကောင်မလေးကလည်း အထင်လွဲကာ အသည်းကွဲ၍ ချက်အရက်သောက်ပြီး လမ်းဘေးမှာ မူးလဲစဉ်
ချီးကားဖြတ်ကြိတ်ကာ ဆေးရုံရောက်ခဲ့ရလေ၏။ ကျွန်ုပ်မှာလည်း နာမည်ပျက်ရလေ၏။ ထို့ကြောင့်
သူ့အား ယခုတစ်ခါ ယတြာပေးရန် အတော်ပင် စဉ်းစားယူရလေသည်။ သို့ပေမယ့် ၄င်းနှင့် ကျွန်ုပ်မှာ
မျက်နှာ နာရမည့်သူများဖြစ်သောကြောင့် မပေးပြန်လျင်လည်း မကောင်းဘူးဟု စိတ်တွင် မှတ်ချက်ချမိလေ၏။
ထိုအချိန် တွင် နေလုံးသည် ကောင်းကင်ထက်သို့ အတော်ပင် မြင့်တက်လာချေသည်။ ထိုအခါကျွန်ုပ်မှာ
မနက်စာမစားရ သေးသည့် အဖြစ်ကို သတိရလေ၏။ ထိုကြောင့် ကိုငြိမ်းနိုင်ကြီးအား မနက်စာ စားမစား
မေးရချေ၏။
"ကိုင်း..
ကိုငြိမ်းနိုင် နေတောင် အတော် မြင့်တက်လာပြီ..ခင်ဗျားလည်း ဗိုက်ဆာေ၇ာပေါ့.. ကျုပ်တစ်ခုခု
စီစဉ်လိုက်မယ် ဘယ်နှယ့် ရှိစ"
ကျွန်ုပ်၏
စကားကို ကြားရသောအခါ ကိုငြိမ်းနိုင်ကြီးမှာ အစားစာ ငတ်ပြတ်နေသော ဇူစကာပုဏ္ဏား၏ မျက်နှာမျိုးဖြင့်
ကျွန်ုပ်အား ၀မ်းသာအားရ ကြည့်ကာ ပြောလေ၏။
"ကောင်းတာပေါ့..
ဆရာရယ်.. ကျွန်တော့်မှာ သူ့စိတ်နဲ့ အစားပျက်အအိပ်ပျက်နဲ့ လူတောင် ပိန်လာပါပြီဗျာ. အခုလည်း
ဆရာဆီကိုလာတာ ထမင်းတောင် မစားခဲ့ရသေးဘူး.. ဗိုက်ထဲမှာလည်း နှဲမှုတ်နေသလို တဂြီဂြီ တဂေါ်ဂေါ်နဲ့
ဖြစ်နေပြီဆရာ.. မြန်မြန်လေးသာ စီစဉ်လိုက်ပါတော့..ဟီးဟီး"
ထိုလူကြီးသည်
လွန်စွာမှပင် အရှက်မရှိသော မျက်နှာနှင့် အထက်ပါစကားများအား ပြောကာ သူ၏ ဗိုက်အား တဘုတ်ဘုတ်
ပုတ်ပြလေ၏။ ကျွန်ုပ်လည်း သနားသွားရကာ မနက်စာစားသောက်ရန် ဈေးသွားဖို့ ပြင်ဆင်ရလေသည်။
"ကောင်းပြီ..ဒါဆိုဒီမှာ
ခဏစောင့်ဗျာ..ကျုပ်ဈေးသွားပြီ စားသောက်ဖို့ ချက်ပြုတ်စရာတွေ သွားဝယ်လိုက်ဦးမယ်.."
"ကောင်းတယ်ဆရာ
… မြန်မြန်သာသွား "
"သြော်… ဒါနဲ့
ခင်ဗျား ပေါက်ကရတွေတော့ လျှောက်မလုပ်ထားနဲ့နော်.. ငြိမ်ငြိမ်နေဗျ..ကျုပ်စိတ်ချလက်ချ
သွားမယ်"
"သြော်… ဆရာရယ်..
သွားသာသွားပါ.. ပြောနေတာနဲ့တင် တော်တော် အချိန်ကုန်နေပါပြီ.."
ကျွန်ုပ်မှာ ထိုလူကြီးအား စိတ်မချသော်လည်း ဈေးနောက်ကျမည့် ဆိုးသောကြောင့်
ခွေးခြေဖုံး ရပ်ကွက်
အနီးမှ အပုပ်ဈေးအား ပြေးရလေတော့၏။ ဈေးမှပြန်ရောက်သော် ချက်ပြုတ်ဖို့
ပြင်ဆင်ရပြန်၏။ ကျွန်ုပ်မှာ ဈေးမှဝယ်လာ သော ပစ္စည်းများအား ခြင်းတောင်းထဲမှာ ထုတ်ကာ
စတင်ချက်ပြုတ်လေတော့၏။ ငါးသလောက်ကို နံနံပင်အုပ်ကာ နှပ်ထားလိုက်လေ၏။ တညင်းသီးကို လေးစိပ်စိပ်ကာ
ဂွေးတောက်ရွက် နှင့် ဟင်းချိုချက်လေ၏။ ကြက်ဥကို
နို့ဆီနှင့် ကြော်ထားရပြန်၏။ ယင်းတို့ကို အရင်ပြုလုပ်ကာ ကြက်သားအား ခုတ်ကာ ကြက်ဟင်းခါးသီးနှင့်
နယ်ထား၏။ ငါးသလောက် ကျက်သောအခါမှာ ကြက်သားအိုးအား တင်လိုက်လေ၏။ ထို့နောက် တို့စရာအတွက်
ပြင်ဆင်ရလေ၏။ ငပိရည်ကိုကျိုကာ ကျက်သော် ငရုတ်သီးအကျက်မှုန့်များများ ၊ ကုလားအော်သီး
အတောင့်နှစ်ဆယ်နှင့် ဖျော်ရလေ၏။ တို့ရန်အတွက်မှု အိမ်သာနားမှာ တမာရွက်များကိုခူးကာ ရေစိမ်ထားလေ၏။
ထိုပြင် ချဉ်ပေါင်ရွက်ကြော်၊ သံပုရာရည် ဖြန်းထားသော ရှောက်သီးသုတ်၊ ရှာလကာရည်နှင့်
မန်ကျီးသီးရောနှယ်ထားသော ဟင်းအရံများကို ပြင်ဆင်ရပြန်လေ၏။ အလုံးစုံပြီးသောအခါ ကျွန်ုပ်တို့
၏ ထမင်းဝိုင်းသည် စားရန်အသင့်ဖြစ်လေ၏။ မနေ့ကမှ ချက်ထားသော အုန်းထမင်းမှာ များစွာ ကျန်ရှိသေးသောကြောင့်
ထိုထမင်းနှင့်ပင် စားသောက်ရန်ပြင်ရတော့လေသည်။ ကျွန်ုပ်တို့၏ ထမင်းဝိုင်းမှာ မြင်သူတိုင်းသွားရည်ယိုချင်စရာ
ကောင်းလောက်အောင် ဟင်းအမယ်စုံလင်စွာဖြင့် ပွဲတော်တည်လေတော့သည်။
0 comments:
Post a Comment