Pages

Thursday, January 26, 2012

ကလေးပေးသော အတွေး

ကောင်လေးက ကလေးသာသာအရွယ်လေး.. အလွန်ဆုံးရှိမှ ဆယ်နှစ်၊ ဆယ်နှစ်နှစ်ပဲ ရှိဦးမည်။ လူကြီးတွေ ကြားထဲမှာ သူက ကြပ်ညှပ်လျက်။ လူက ပိန်ပိန်၊ အသားက နေလောင်ခံ ညိုညစ်ညစ်။ ဆံပင်လေးက ကျဲတဲတဲနှင့် သေးသေးကလေး ဖြစ်နေသည်။ တစ်ပတ်တစ်ခါ သမ၀ါယမမှ ဆီပေးသည့်အခါ လာတိုးကြသည် သူတွေက အများသာဖြစ်သည်။ အဲ့ဒီအထဲမှာ ဆိုဒ်စုံ၊ ဂိုက်စုံ။ ဒါပေမယ့် သူ့လိုပုံစံမျိုးတော့ တစ်ခါမှ မတွေ့ဖူး။ မနက် (7) နာရီလောက် ကတည်းက ဆီစပေးကာ (8)နာရီလောက်ကျတော့ လူအတော်ပါးလာပြီ။ ကောင်လေးက ကလေးဆိုတော့ လူကြီးတွေက ကျော်တက်လိုက်၊ သူ့ထက် အကောင်ကြီးတဲ့သူတွေက အနောက်ပို့လိုက်နဲ့ အရှေ့ကို မရောက်နိုင် လုံးချာလည် လိုက်နေသည်။ ကြာတော့ သူ့ကို သနားလာတာနဲ့ လှမ်းခေါ်ရတော့သည်။

“ဟေ့.. ဟိုကလေး ဒီကိုလာဦးကွဲ့..”

ကျွန်တော်လှမ်းခေါ်တော့ ကောင်လေးက ၀မ်းသာအားရပြေးလာသည်။ ဖိနပ်တောင်မပါရှာ။ အကျီ င်္ကလည်း စွပ်ကျယ် အပေါက်ကလေးနှင့် သနားစရာကလေးဖြစ်နေသည်။

“မင်း ဆီ လာတိုးတာလား”

“ဟုတ်ကဲ့.. ဦး” ကောင်လေးက ရိုရိုသေသေလေး ပြန်ဖြေသည်။ ယဉ်ကျေးပုံရသည်။ ဆီ မြန်မြန်လိုချင်လို့ ဖြေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“သန်းခေါင်စာရင်း ပါလား”

“ဟုတ်ကဲ့..ဒီမှာပါ” ပလတ်စတစ်လောင်းထားသော သန်းခေါင်စာရင်းလေးကို ထုတ်ပြသည်။

“မင်းအိမ်မှာ လူကြီးတွေ မရှိဘူးလားကွ”

“ရှိပါတယ်..။အရင်က အမေတိုးနေကြပါ။ အခုအမေက နေမကောင်းဖြစ်နေလို့ သားလာတိုးတာပါ”
သူ့ဟန်ပန်က ပုံစံနှင့်မလိုက်အောင် ယဉ်ကျေးသဖြင့် မမေးသင့်သော မေးခွန်းကို ကျွန်တော်မေးလိုက်မိသည်။ မတော်တဆ သူဝမ်းနည်းစိတ်မကောင်းဖြစ်သွားမှာလည်း စိုးရိမ်မိသေးသည်။

“မင်းကျောင်းမတက်ဘူးလား”

“ဟုတ်ကဲ့.. တက်ပါတယ်”

“ဘယ်နှစ်တန်းလဲ..ကွ”

“သုံးတန်းပါ..” သူက ပြောပြီး သူ့ရဲ့ ပြူတစ်ပြူတစ် နှပ်ချီးကို ဗြစ်ခနဲညှစ်ပြီး သူ့လက်ခုံလေးနှင့် သုတ်နေသေးသည်။

“ဒီနေ့တော့ ကျောင်းမတက်ဘူးပေါ့..ဟလား”

“မမှီရင်တော့ သွားမတက်ဘူးပေါ့ ..ဦးရာ”သူက လူကြီးဟန်လေးနဲ့ ပြောပြန်သည်။

“မင်းအမေက ကျောင်းမတက်ခိုင်းဘဲ ဆီလာတိုးခိုင်းတာလား”ကျွန်တော့်ကို တစ်ချက်မော့ကြည့်သည်။ သူ့စိတ်ထဲမှာ ဒီလူကြီးက တော်တော်လျှာရှည်တာပဲဟုလည်း ထင်ကောင်းထင်သွားနိုင်ပါသည်။ ဒါပေမယ့် သူပြန်ဖြေပါသည်။

“မဟုတ်ပါဘူး.. အမေကကျောင်းသွားခိုင်းပါတယ်..သားက အမေမသိအောင် လာတိုးတာ..ဒီက ဆီရလို့ သွားရောင်းပြီးရင် ကျောင်းသွားတက်မှာ..” ကျွန်တော်အံ့သြသွားသည်။ သမ၀ါယမက ပေးသောဆီသည် ဘယ်လောက်မှ မရှိ။ တစ်ဆယ်သား ၊နှစ်ဆယ်သားကို သူဘယ်လိုရောင်းမလဲဟု စိတ်ဝင်စားသွားသည်။

“ဘာဖြစ်လို့လဲကွ.. ဒီက ဆီက ဘယ်လောက်ရမှာမို့လို့လဲ”

“ဒီက ဆီတိုးပြီးလို့ လမ်းထိပ်က ဆိုင်မှာသွားရောင်းရင် ၉၀ လောက်ရတယ်လေ.. အဲ့ဒါဆို ဆန်ဝယ်လို့ရပြီ.. အမေက နေမကောင်းတော့ အ၀တ်တွေ မလျှော်နိုင်ဘူး.. ပိုက်ဆံကလည်း မရှိဘူးလေ”
ကျွန်တော်ရင်ထဲ တော်တော် နင့်သွားသည်။ ပိုက်ဆံ 90 ဆယ်သည် ဆန်နှစ်လုံး၊ သုံးလုံးအပြင်ပိုမရ။ တစ်နပ်စာတောင် မရှိ။ သူတို့ ဘယ်လိုစားမှာပါလိမ့်ဟု စဉ်းစားမိသည်။

“ မင်းတို့မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ”

“သားတို့ မောင်နှမ လေးယောက်ရှိတယ်.. သားကအကြီးဆုံး” ဆုံးဆိုသော နေရာမှာ သူ့အသံကလေးက နည်းနည်းဆောင့်သွားသည်။ ကောင်လေး စိတ်မရှည်တော့ဘူးဟု ကျွန်တော်သိလိုက်သည်။ ဒါနဲ့ပဲ တခြား မေးချင်တာများကို အောင့်အည်းကာ ဆီမြန်မြန်ထည့်ကာ ပေးလိုက်သည်။ ဆီရတော့ သူ့မျက်နှာကလေးက ပြုံးရွှင်လို့။ ကျွန်တော်ကိုလည်း ကျေးဇူးပဲဟု ပြောသွားသေးသည်။ သူသွားတော့ ကျွန်တော့်ရင်ထဲမှာ တစ်ခုခုကို မကျေမနပ်ဖြစ်မိသည်။  ကောင်လေးကိုပဲ ငယ်ငယ်ရွယ်ရွယ်နှင့်တော်လိုက်တာဟုပဲ ချီးမွမ်းရမလား။ သူ့ရဲ့ ကံကြမ္မာကြီးကိုပဲ ယိုးမယ်ဖွဲ့ရမလား။ သူ့မိသားစု အသိုင်းဝိုင်းကိုပဲ အပြစ်တင်မရမလား။ ဘာကို ပြောလို့ပြောရမှန်းပင်မသိတော့။ ဒီလောက်အရွယ်လေးနှင့် ဒီလို သိတတ်တဲ့ ကလေး အတော်ရှားသည်ဟု ဆိုရမည်။ သို့ပေမယ့် သူပြောသွားတာတွေကိုလည်း အမှန်တွေပဲဟုလည်း ယူဆ၍ မရ။ သူမုန့်ဖိုး လိုချင်လို့ လာပြီး ခိုး တိုးတာလည်း ဖြစ်နိုင်သည်။ တခြားကိစ္စ အများပြားလည်း ရှိနေနိုင်သည်။ သို့သော် ဒီဟာသာ တကယ့်အဖြစ်ဆိုရင်တော့ ဒီကောင်လေးကို ကျွန်တော်ချီးကျူးသည်ဟု ဆိုချင်ပါသည်။ ဘာကြောင့်ဆို ကျွန်တော်တို့သည် သူ့လောက် မိဘအပေါ်သိတတ်မှုမရှိသေးသောကြောင့်ဖြစ်သည်။


2 comments:

နွေလ said...

ကလေးတွေကလည်း အတွေးပေးသားပဲ
လောကကြီးမှာ ဒီလိုအသိရှိတဲ့ကလေးတွေ ရှိနေသလား
အခုထိတော့ မမြင်ဖူး မတွေးဖူးသေးဘူးဗျ
စာအုပ်ထဲမှာ ရှိတယ်ဆိုတာ
အပြင်မှာလည်း တကယ်ရှိလောက်မှာပါ
ဒီလို ကလေးမျိုးတွေသာ . . . ပညာသာကောင်းကောင်း သင်ရရင်ဖြင့် . . .
ဒါပေမယ့် လောကကြီးက
ဖြစ်ချင်တိုင်းလည်း မဖြစ်ဆိုတော့ဗျာ . . .
သူပေးတဲ့ အတွေးလေးကို ကျွန်တော်လည်း ဆင့်ပွားတွေးသွားပါတယ်
စာတွေ များများရေးနိုင်ပါစေဗျာ

အလင်းသစ် said...

အမယ်.. ကျွန်တော်ငယ်ငယ်က အကြောင်းကို စောင်းပြီး ရေးထားလေသလား... ပြောင်းပြန်ကြီးကို မှန်နေတော့တာပဲ...ဟီးးးးးးးးး။။
အဲလိုကလေးလေးတွေ ပြင်ပမှာ တကယ်ကို ရှိနေပါသေးတယ်လေ။။ ပြုစုပျိုးထောင် ပေးနိုင်ဖို့သာ လိုအပ်နေတာပါ။။ ကျောက်ကောင်းတို့မည်သည် သွေးတဲ့ပေါ်မူတည်ပြီး အရောင်ထွက်ရတယ်မဟုတ်လား။။။