Pages

Friday, January 20, 2012

ရင်ခုန်စရာ အော်စကာည

"လာပြီဟေ့..."
သတင်းထောက်တစ်ယောက်ရဲ့ အော်သံအဆုံးမှာတော့ ဟိုတယ်ကြီးရဲ့ ဆင်ဝင်အောက်မှာ လူများပျာပန်း ခတ်မျှ လှုပ်ရှားသွားကြသည်။ ကင်မရာမီးများက တဖျတ်ဖျတ်။ မေးခွန်းမေးတဲ့သူကမေး။ အော်တိုထိုးခိုင်းတဲ့ သူက ထိုးခိုင်းနဲ့ လူအုပ်ကြီးမှာ အုန်းအုန်းထသွားသည်။ နက်ပြောင်လှတဲ့ မားစီးဒီးကားကြီးရဲ့ အထဲမှာတော့ မြန်မာပြည်ရဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသား တစ်ယောက်။ ပြည်တွင်းတွင်မက ကမ္ဘာကပါ ချစ်ရသော အနုပညာ ရှင်တစ်ယောက်။ သူက ကမ္ဘာလုံးဆိုင် ရာအော်စကာဆုပေးပွဲသို့ မြန်မာပြည်၏ ကိုယ်စား တက်ရောက်လာခြင်း ဖြစ်သည်။ ဤရုပ်ရှင်ဆုပေးပွဲကို နိုင်ငံပေါင်း (128) နိုင်ငံမှာ ကိုယ်စားလှယ်အနုပညာရှင်များ တက်ရောက် ကြသည်။ ကမ္ဘာကျော် ဒါရိုက်တာကြီးများ၊ သရုပ်ဆောင်များ၊ အဆိုတော်များသာမက စာရေးဆရာ၊ဓါတ်ပုံ ဆရာများပါ တက်ရောက်ကြသဖြင့် ဂျာနယ်များ၏ အကြိုက်ဖြစ်သွားသည်။ ပွဲမစခင် 5 နာရီ အလိုလောက် ကတည်းက ဂျာနယ်လစ်များ၊ သတင်းထောက်များနဲ့ လူပေါင်းထောင်ချီမျှရောက်နေကြပြီ။ သူတို့ချစ်သော အနုပညာရှင်များကို လာရောက်အားပေးမိတ်ဆက်ကြခြင်းဖြစ်သည်။ ထိုအထဲမှာ မြန်မာပြည်၏ ကိုယ်စား ပြု ရုပ်ရှင်မင်းသား သာဂိက အထင်ရှားဆုံး ပေါ်ပြူလာ အဖြစ်ဆုံးဖြစ်နေပြန်သည်။ ဖြူဝင်းသော အသားရေ၊ အရပ်မောင်းကောင်းကောင်း၊ ခန့်ညားထည်ဝါသော ရုပ်ရည်က ပျိုမေတို့ အကြိုက် ဖြစ်နေလေ သည်။ သူ့ရဲ့ အသီးတစ်ထောင် အညှာတပြွတ် ဇာတ်ကားက ၀င်ငွေအကောင်းဆုံး ဒရာမာ ရုပ်ရှင်အဖြစ် အမေရိကန် နိုင်ငံ၏ The Sun သတင်းစာတွင် လေးပါတ်ဆက်တိုက် နေရာယူနိုင်ခဲ့ခြင်းက သူ့ရဲ့ ပရိသတ်ကို ဤမျှ ခိုင်မာစေခဲ့ခြင်းလည်း ဖြစ်သည်။ များပြားလှသော ပရိသတ်များထဲမှာ သာဂိမှာ ဟော်တယ်ခန်းမထဲသို့ တစ်နာရီကျော်ကြာ တိုးဝင်ခဲ့ရသည်။ ဒါတောင် ဘော်ဒီဂတ်အယောက်ငါးဆယ်က လမ်းရှင်းပေးသောကြောင့် တစ်နာရီပဲ ကြာခဲ့ခြင်းဖြစ်၏။ သာဂိ၊ သာဂိ ဟု မပီကလာ၊ပီကလာ အော်သံက ဆင်ဝင်အောက်မှာ ဟိန်းဟိန်းထနေဆဲ ဖြစ်လေသည်။
       ဆုပေးပွဲက မကြာခင်စတင်တော့မည် ဖြစ်သည်။ အစီအစဉ်တင်ဆက်သူများကတော့ ကမ္ဘာကျော် စုံတွဲ အင်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့ စုံတွဲဖြစ်သည်။ သူတို့စုံတွဲက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ် များကို ထင်ရှားသော အနုပညာရှင်များနှင့် ပူးပေါင်းတင်ဆက်သွားသည်။ သုံးနာရီကျော်မျှ အစီအစဉ်များ တင်ဆက်ပြီးသွားသောအခါ ဆုပေးပွဲအစီအစဉ်သို့ ရောက်ရှိလာလေသည်။ ဂျိုလီက ဆုပေးပွဲအစီအစဉ် အတွက် ဆုများကို ကြေငြာရန် လူမည်းမင်းသားကြီး မော်ဂန်ဖရီးမင်းကို စင်ပေါ်သို့ဖိတ်ခေါ်သည်။ အနက် ရောက်ကုတ်အကျီ င်္နှင့် အမည်းရောင်အသားရေက မင်းသားကြီးကို စင်ပေါ်မှာ ပျောက်နေစေသည်။ တစ်ချက်တစ်ချက်ရယ်လိုက်မှသာ သွားဖြူဖြူလေးကို မြင်ရပြီး မျက်နှာကို မှန်းလို့ရလေသည်။ မင်းသား ကြီးက စကားအနည်းငယ် ပြောကြားပြီး ဆုရသည် ဇာတ်ကားများကို စတင်ကြေငြာသည်။ နိုင်ငံပေါင်း 128 နိုင်ငံမှ ကားပေါင်း 500 ကျော်ဝင်ရောက်ယှဉ်ပြိုင်ရာ အကောင်းဆုံးဇာတ်ကား တစ်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး သရုပ်ဆောင်ဆု နှင့် အကောင်းဆုံး နောက်ခံတေးဂီတ ဆုများကိုသာ ပေးအပ်ခြင်းဖြစ်သည်။ ဇာတ်ကား 500 ကျော်ကို ကျွမ်းကျင်ပညာရှင် ငါးထောင်ကျော်မှ အကဲဖြတ် အမှတ်ပေးသည်။ ငါးနှစ်တိတိကြာမြင့်သည်။ ဒိုင်ငါးယောက်သေသွားသောကြောင့် ငါးလ နားရသေးသည်။ 2005 ခုနှစ်၊ ငါးလပိုင်း၊ ငါးရက်မှာ ပြန်လည် စတင်သည်။
       '' အကောင်းဆုံး ဇာတ်ကားဆုကို တော''့ မင်းသားကြီးမှ မပြောသေးဘဲ ပရိသတ်ဘက်ကို တစ်ချက်ကြည့် လိုက်သည်။ ဘယ်သူမှတော့ မမြင်ရပါ။ စကားသံရပ်သွားသောကြောင့် ကြည့်သည်ဟုသာ ထင်ရခြင်းဖြစ်သည်။ မင်းသားကြီးက ဆက်ပြောသည်။ အတော်လည်း ရှက်သွားပုံရပါသည်။ အဘယ်ကြောင့်ဆိုသော သူရပ်နေတာတခြား၊ ပရိသက်များက စိတ်ဝင်တစားပြူးကြည့်နေတာက တခြား ဖြစ်နေသောကြောင့်ပင်။" အကောင်းဆုံးဇာတ်ကားဆုကိုတော့ ဂျပန်နိုင်ငံမှ အိုက်တတ်ရင် ပန်ကာဝယ် ဇာတ်ကားနဲ့ ရရှိသွားပါတယ်။" လက်ခုပ်သံတွေ တဖြောင်းဖြောင်းဆူညံသွားသည်။ ဇာတ်ကားထုတ်လုပ်သူ အား ၀ိုင်းနမ်းကြသည်။ ဓါတ်ပုံတွေ ရိုက်ကြသည်။ (မြန်မာပြည်၏ အကယ်ဒမီပေးပွဲ အတိုင်းပင်ဖြစ်၏)။ မော်ဂန်ဖရီးမင်းကို ဖုတ်လေသည့် ငပိရှိတယ်ပင်မထင်ကြ။ အတော်ကြီးကြာမှ ငြိမ်သွားကြသည်။ မင်းသားကြီးက ဆက်ကြေငြာသည်။ "အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ အီသီယိုးပီးယား နိုင်ငံမှ ဒါရိုက်တာ အီစီကလီက အီဖေကို ဇာတ်ကားနှင့်ရရှိသွားပါတယ်။" ခုနကအတိုင်းပင်ဖြစ်၏။ "အကောင်းဆုံး နောက်ခံတေးဂီတဆုကိုတော့ ဆိုမာလီနိုင်ငံမှ ဓါးပြများက ဓါးပြတစ်ယောက်ရဲ့ နှလုံးသား ဇာတ်ကားနဲ့ ရရှိသွားပါတယ်။" အားလုံးငြိမ်ကျသွားသည်။ တစ်ယောက်နှင့် ဘေးဘီလှည့်ကြည့်ကြသည်။ ပြီးမှ အသံများ ပြန်ထွက်လာသည်။ ၀ိုင်းနမ်းကြသူများလည်း မတွေ့ရ။ ဓါတ်ပုံလည်း မရိုက်ကြပေ။ ကပ္ပလီတစ်ယောက်က သေနတ်နှင့် ထပစ်သောကြောင့် ထပြေးကြရသေးသည်။ ဂုဏ်ပြုခြင်းဖြစ်သည်ဟု ပြောသည်။ "အကောင်းဆုံးသရုပ်ဆောင် ဆုကိုတော့ မြန်မာနိုင်ငံမှ သာဂိက မီးမလာတဲ့ရက်များထဲက ပျက်တဲ့တစ်ည ဇာတ်ကားနဲ့ ရရှိသွားပါတယ်။ "ထို့နောက် ဖြတ်ခနဲဆို မီးများ ပိတ်ကျသွားသည်။ ထောင်ချီသော လူအုပ်ကြီးထဲမှ ဟာခနဲဆိုသောအသံက ၀ုန်းဆို ပြဲထွက်လာသည်။ မင်းသားကြီးကိုတော့ လုံးလုံးမမြင်ရတော့ ချေ။ ဆောင်းဘောက်(စ်)မှ မင်းသားအသံက ကွဲထွက်လာသည်။ "ဘာမှ မဖြစ်ပါဘူး ခင်ဗျာ။ စိတ်မပူကြပါနဲ့ မြန်မာနိုင်ငံက ဆုရသွားတဲ့အတွက် ရန်ကုန်မြို့ထုံးစံအတိုင်း ဂုဏ်ပြုတာပါ။ အားလုံး အချိန်အကန့်သတ်မရှိ ငြိမ်ပြီး ဂုဏ်ပြုပေးရန် မေတ္တာရပ်ခံပါတယ်။ ကျွန်တော့်တို့ စက်ဆရာအဖွဲ့မှ မီးစက်သွား နိုးနေပါတယ်။" ပရိသတ်များထံမှ အသံများ ကျွတ်စီ၊ တာယာစီ၊ ဂွေစီများ ထွက်ပြီး ငြိမ်သွားကြသည်။ ခဏအကြာ မီးများက ပြန်လင်းလာသည်။ မင်းသားကြီးကိုတော့ မမြင်ရပေ။ မီးပြန်လာမှ ၀ိုင်းနမ်းကြသူများ၊ လက်ဆွဲနူတ်ဆက်သူများ၊ ဂုတ်ခွစီးသူများ၊ ဓါတ်ပုံရိုက်သူများ၊ ကင်မရာနှင့် အားမရလို့ တုတ်နှင့်ဝင်ရိုက်သူများဖြင့် ကျွတ်ကျွတ်ညံသွားလေသည်။ အားလုံးပြီးသောအခါ သာဂိတစ်ယောက်ခေါင်း မှာ သွေးစက်များဖြင့် ရယ်ကာ လိုက်ကာကြီးကို လက်ပြနေလေသည်။ အကုန်လုံးကြောင်သွားကြသည်(လေးဖက်ကြီး)။ သွေးများစီးကျနေသောကြောင့် ဘာမျှမမြင်ရပေ။
        ဆုများကို ကြေငြာပြီး ဖြစ်သောကြောင့် ဆုယူရန် စင်ပေါ်သို့ ကြွရောက်ဖို့ ဆုရသူများကို စင်ပေါ်သို့ စုတက်လာရန် ဖိတ်ကြားအပ်ပါသည်။ ဆုရသူ သုံးယောက်စင်ပေါ်သို့တက်လာသည်။ ပထမတစ်ယောက် က ဂျပန်နပမ်းသမားကြီးဖြစ်သည်။ လှုပ်လှုပ်နှင့်စင်ပေါ်တက်လာသည်။ သူက အိုက်တက်ရင် ပန်ကာဝယ် ဇာတ်ကားထုတ်လုပ်သူဖြစ်သည်။ သူ့ရဲ့ ကျေးဇူးတင်စကားကတော့ "သည်ဇာတ်ကားကို ထုတ်လုပ်ဖို့ ကျွန်တော် ဆယ်နှစ်ကြာ ပိုက်ဆံဆုရပါတယ်။ လမ်းဘေးမှာ ပလက်စတစ်ကောက် ၊ပိုးကောင်းလေးတွေ ဖမ်းစားတဲ့ဘ၀ကနေ စတင်ပြီးဆုခဲ့တာ ယန်းငွေ 100 ကျော်စုမိပါတယ်။ ဆယ်နှစ်ကြာစုပြီး ယောက္ခမသေတော့ အမေရိကန်ဒေါ်လာ 10 ဘီလီယံလောက်ရပြီး ဒီကားကို ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော့် ယောက္ခမက မာဖီးယားဂိုက်ချုပ်ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။" နောက်တစ်ယောက်ကတော့ အီသီယိုးပီးယား ဒါရိုက်တာဖြစ်သည်။ လူပုံစံကတော့ ဗေလုဝစတိုင် အတိုင်းပင်။ စင်ပေါ်ကို ထမ်းစင်နှင့် ခေါ်လာရသည်။ သူက အီသီယိုးပီးယားမှာ အစာငတ်ခံဆန္ဒပြနေတုန်း ဖမ်းခေါ်လာခြင်းဖြစ်သည်။ ဒါတောင် မလိုက်ဘူးဟု ငြင်းနေသေးသည်။" ကျွန်တော် ဒီကားကို ရိုက်ဖြစ်ပုံက ဆန်းကြယ်ပါတယ်။ တစ်နေ့မှာ ကျွန်တော် အိပ်မက်မက်ပါတယ်။ အိပ်မက်ထဲမှာ ကျွန်တော်ဟာ တိမ်တွေပေါ်မှာ လမ်းလျှောက်နေရပါတယ်။ ခဏအကြာ ကျွန်တော်ဗိုက်ထဲက တဂွီဂွီဆာလာပါတော့တယ်။ အဲ့ဒီမှာ ကျွန်တော်အိပ်မက်က လန့်နိုးပါတယ်။ အဲ့ဒါနဲ့ ဒီဇာတ်ကားကို ရိုက်ဖြစ်ခဲ့ပါတယ်။ "ပရိသတ်ထဲမှာ အသံလေး တစ်သံ ထွက်လာသည်။ ဘာမှလည်း မဆိုင်ဘူး..ဟု။ "နောက်တစ်ယောက်ကတော့ ဆိုမာလီနိုင်ငံသား ပင်လယ်ဓါးပြဖြစ်ပါတယ်။ သူကတော့ ဒီနေ့ဆုလာမယူနိုင်ပါဘူး။ တရုတ်သဘောင်္ကို ဓါးပြသွားတိုက်နေရပါတယ်။ သူ့အစား မြန်မာနိုင်ငံမှ ဂုဏ်သရေရှိ ဓါးပြတစ်ဦးမှ တက်ယူမှာဖြစ်ပါတယ်။ "နောက်ဆုံးတစ်ယောက်ကတော့ မြန်မာနိုင်ငံသား သာဂိဖြစ်ပါတယ်။ သူရဲ့ရင်တွင်းစကားသံလေးကတော့ "ကျွန်တော် ဒီဆုရဖို့ မမျှော်လင့်ပါဘူး။ လိုချင်လို့သာ လာခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ကျွန်တော်ရိုက်ဖြစ်ခဲ့တာက ရန်ကုန်မြို့သူမြို့သားတွေရဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကျွန်တော်တို့ တစ်ရက်တည်းနဲ့ အပြီးရိုက်ခဲ့တာပါ။ မြန်မာငွေ ဆယ်သိန်းလောက်ပဲကုန်ပါတယ်။ ဒီဇာတ်ကားမှာ ကျွန်တော်ပဲမင်းသား၊ ကျွန်တော်ပဲ ဒါရိုက်တာ၊ ကျွန်တော်ပဲ ပရိုဂျူဆာ ဖြစ်ပါတယ်။ 
        ထို့နောက်မှာတော့ ဆုရရှိသူများကို ဆုများပေးအပ်ပွဲ အခမ်းနားကျင်းပသည်။ အကောင်းဆုံးဇာတ်ကားဆုရ ထုတ်လုပ်သူ ဂျပန်းနပမ်းသမားကြီးအား ဂျမ်ဘို ခြင်ဆေးခွေ တစ်ဘူး၊ အကောင်းဆုံးဒါရိုက်တာ ဆုရ အီသီယိုးပီယားမှာ ဒါရိုက်တာ အီစီကလီအား ပေါင်မုန့်တစ်လုံး(ပေါင်မုန့်ရသဖြင့် ဒါရိုက်တာကြီးမှာ အတော်ပျော်သွားလေသည်။ ပြီးတော့ အငမ်းမရစားလေသည်)၊ အကောင်းဆုံးနောက်ခံတေးဂီတဆုရ ဆိုမာလီနိုင်ငံမှ ပင်လယ်ဓါးပြများအား အရုပ်သဘောင်္လေးတစ်စင်း(အတော်လက်ရမြှောက်သည်။မြင်တာနှင့် ဓါးပြတိုက်ချင်စရာကောင်းသည်)၊ အကောင်းဆုံး သရုပ်ဆောင်ဆုရ မြန်မာပြည်မှာ မင်းသားသာဂိအား မီးချောင်းတစ်ချောင်း၊ ဘတ်ထရီအိုးတစ်လုံး နှင့် မီးအားမြှင့်စက်တို့အား ဆုအဖြစ်ချီးမြှင့်သည်။ ထိုနောက့်မှာတော့ အခမ်းနားပြီးဆုံးကြောင်း ကြေငြာကာ ဆုပေးပွဲအခမ်းနားအား ရုပ်သိမ်းလိုက်လေသည်။ ဖိတ်ကြားထားသော ဧည့်သည်များနှင့် တက်ရောက်လာသော ဂုဏ်သရေရှိလူကြီးများအား ဂုံနီအိတ်တစ်လုံးစီ လက်ဆောင်အဖြစ် ပေးအပ်သည်။ ထို့နောက် အီရက်မှ အသေခံဗုံးခွဲသမားများမှ အိုစမာဘင်လာဒင်အား ဂုဏ်ပြုသည့် အနေဖြင့် ၀င်ရောက်ဗုံးခွဲရာ လူငါးထောင်ကျော် သေဆုံးကာ၊ သုံးထောင်ကျော်မှာ ပွဲချင်းပြီး၍ ကျန်နှစ်ထောင်မှာ ဆေးရုံမှာသေဆုံးလေသည်။


(မည်သူ့ကိုမှ မရည်ရွယ်ပါ တမင်တကာ စောင်းမြောင်းရေးလိုက်ခြင်းဖြစ်၍ တိုက်ဆိုင်မှုရှိပါက မသိချင်ယောင်ဆောင်နေကြပါရန် မေတ္တာကို အလျားလိုက်ခံအပ်ပါသည် :P)

3 comments:

ချောကလက်ကျူးပစ်လေး said...

ခင်ဗျားကတော့လုပ်ချလိုက်ပြန်ပြီနော်
ပွာင်းပွာင်း

မေမြို့မိုး said...

ဟဟ တည့်တည့်ပဲ ထိတယ်ဗျ..ကိုယ့်လူရေ..

မဒမ်ကိုး said...

သဘောကျသွား၏း)