(၁)
အဲ့ဒီနေ့က
ဘာရယ်မဟုတ်ပါဘူး ကျွန်တော်က ထုံးစံအတိုင်းပဲ ဘတ်(စ်)ကားပေါ်မှာ အိပ်ရင်းနဲ့လိုက်လာတယ်။
ဘ၀ာ်(စ်)ကားကြီးကလည်း ထုံးစံအတိုင်းပဲ အိပဲ့၊ အိပဲ့ နဲ့ မောင်းလို့..။ ကျွန်တော်ဆင်းရမယ့်
မှတ်တိုင်ရောက်ခါနီးတော့ မျက်လုံးပွတ်ပြီး ထလိုက်မှပဲ ကျွန်တော်နတ်ပြည်ရောက်နေမှန်းသိရတော့တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ဘေးမှာ အရမ်းလှတဲ့ နတ်သမီးလေးတစ်ပါး ထိုင်နေလို့ပဲ။သူမက
အဖြူနဲ့ အပြာရောင် ထမီလေးကို ၀တ်ထားပြီး ဆံပင်လေးကို နောက်လှန်ပြီးစုစည်းထားတယ်။ မျက်နှာလေးကလည်း
ဘာအကာရံမှမရှိ ရှင်းသန့်ဖွေးနုလို့။နှာတံလေးက စင်းပြီးတော့ မျက်တောင့်လေးတွေက မကော့တကော့လေးတွေ။
သူမလက်ထဲမှာတော့ ဖိုင်တွဲတစ်ခု။ ကျွန်တော်သိလိုက်တယ် ဒါဟာ မဟာ တန်းကပဲဆိုတာ။ ဘယ်မေဂျာလဲတော့
မသိလိုက်ဘူး။ မှတ်တိုင်ရောက်တော့ ၀ရုန်းသုန်းကားနဲ့ ပြေးဆင်းရတာကို။သူမ မျက်နှာလေးကိုတောင်
အပြည့်မကြည့်လိုက်ရဘူး။ စပယ်ယာကို စိတ်ထဲမှာကျိန်ဆဲရင် ဒီနေ့ဟာ ကျွန်တော်အတွက် နေ့ထူးနေ့မြတ်တစ်ပါးလို့
မှတ်ယူလိုက်မိတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော်တွေ့ခွင့်ရတယ်။
ဒါဟာ ကျွန်တော့်အတွက် သောကြာကြယ် နတ်သမီးရဲ့ အလင်းလက်ဆောင်ပဲ။ ကျွန်တော်ရင်ထဲမှာ တိတ်တိတ်ကလေး
ဆုတောင်းမိတယ်။ ကံကြမ္မာကြီးရယ် ကျွန်တော့် သူ့ကို နောက်ထပ်တွေ့ဆုံခွင့်လေး ဖန်တီးပေးပါဦးနော်။
ကျွန်တော်က ကျောင်းမှာမသွားတတ်မလာတတ်တာတော့မဟုတ်ပါဘူး။ အတော့်ကို
နှံ့နှံ့စပ်စပ်ရှိပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကို ရှာဖို့ကျတော့ ကျောင်းကြီးက အရမ်းကို
ကျယ်လွန်းနေတယ်။ ပြီးတော့ သူမက မဟာတန်းကဆို တော့ တွေ့ဖို့က အရမ်းခက်ခဲပါတယ်။ မဟာတန်းတွေက
ကျောင်းတက်တာ နည်းတယ်လေ။ မေဂျာလည်းမသိ။ နာမည်လည်း မသိ။ နှစ်လည်း မသိဘူးဆိုတော့ စုန်းစုန်းမြုပ်ပါပဲ။
ဒါပေမယ့် ကျွန်တော်ကြိုးစားကြည့်ပါတယ်။ သူမကို တွေ့တဲ့နေ့က အချိန်ကိုမှတ်ပြီးတော့ ကားဂိတ်မှာ
တစ်ချိန်လုံးထိုင်စောင့်တယ်။ မတွေ့ပြန်ပါဘူး။ မေဂျာစုံက သူငယ်ချင်းတွေကို အကူညီတောင်းပြီး
ရှာခိုင်းတယ်။ သတင်းအစနတောင်မရပါဘူး။ ကျွန်တော်ပြောတာလည်း အရမ်းကို တိကျတာကို။ ဆံပင်လေးက
နောက်လှန်ပြီးစည်းထားတယ်။ အဲ့ဒါထက်ပိုပြီးတော့ ကျွန်တော်မသိတော့ဘူး။ အဖြူနဲ့အပြာဆိုတဲ့ယူနီဖောင်းက
သူ့ရက်နဲ့သူဝတ်ရတာဆိုတော့ ကျန်တဲ့ရက်တွေဆို အပြင်ဝတ်စုံနဲ့ မှတ်မိဖို့မလွယ်ပါဘူး။ ပြီးတော့
ဆံပင်ကလည်း နောက်လှန်ပြီးစည်းထားတာဆိုပေမယ့် ကျန်တဲ့နေ့တွေမှာ ချထားရင်ကော။ နောက်တစ်ခုက
ကျွန်တော်က သူမကိုဘေးတိုက်လေးပဲ တွေ့လိုက်တာ။တကယ်တော့ ကျွန်တော့်အဖြစ်က အမှောင်ထဲမှာ
အပ်ပေါက်ထဲကို အပ်ချည်ထည့် ရသလိုပါပဲ။ ရင်တွေမောလိုက်တာ။ တစ်ရက်တည်း တွေ့ရပေမယ့် တစ်သက်လုံးစွဲသွား
တဲ့ အချစ်မျိုးနဲ့ သူ့မကို ကျွန်တော်ချစ်နေမိပြီထင်တယ်။
(၂)
ကျွန်တော့်ဘ၀ရဲ့ ကံအကောင်းဆုံး နေ့ရက်တွေထဲက တစ်ရက်ဟာ ရောက်လာပြန်ပါတယ်။
ကျူရှင်ကို အမြဲနောက်ကျတဲ့ ကျွန်တော်က အဲ့ဒီနေ့ကမှ ထူးထူးခြားခြား ကျူရှင်ကို စောစောရောက်သွားတယ်။
ကျွန်တော်တို့ကျူရှင်က ဆက်ရှင်တွေ ခွဲပြီးသင်တာဆိုတော့ ကျွန်တော်ရောက်သွားတော့ ရှေ့အတန်းက
မဆင်းသေးပါဘူး။ မနက်ပိုင်းအတန်းက (၁၂)နာရီဆင်း၊ ကျွန်တော်တို့ ညနေပိုင်း အတန်းက
(123း0)တက်ရတယ်။ ဒါပေမယ့် ကျွန်တော်ဘယ်တော့မှ အချိန်မှီမရောက်ပါဘူး အနည်းဆုံးစာသင်ချိန်
တစ်ချိန်ကျော်လောက်မှာရောက်တယ်။ ကျွန်တော်တို့အတွက်တော့ ကျူရှင်ဆိုတာ သွားစရာမရှိမှလာရတဲ့နေရာလို
ဖြစ်နေတယ်လေ။ ကျွန်တော်အခန်းထဲရောက်တော့ စာသင်နေတုန်းပါပဲ ကျွန်တော်လည်း ခပ်တည်တည်နဲ့နောက်ဆုံးခုံမှာဝင်ထိုင်လိုက်ပြီး
စာအုပ်တစ်အုပ်ထုတ်လို့ ဟိုလှန်ဒီလှန်လုပ်နေလိုက်တယ်။ ဟိုကြည့်ဒီကြည့်နဲ့ ဒါဟာ ဂုဏ်ထူးတန်းဆိုတာ
သိလိုက်ရတယ်။ ဂုဏ်ထူးတန်းကျူရှင်ကလည်း ကျွန်တော်တို့ ကျူရှင်တစ်ခုပဲ သင်တယ်။ ဂုဏ်ထူးတန်းကလည်း
အားရစရာ ယောက်ျားလေးဆိုလို့ ကျွန်တော်ရယ်၊ နောက်တစ်ယောက်ရယ် ဒါပဲရှိတယ်။ အဲ့တစ်ယောက်ကလည်း
မိန်းကလေးတွေနဲ့ထိုင်နေတော့ ဒီဘက်ခုံမှာက ကျွန်တော်တစ်ယောက်တည်း။ ကောင်မလေးတွေက ကွက်ကြည့်ကွက်ကြည့်နဲ့
တချို့ဆို ပြောင်ပြောင်တင်းတင်းကို လှည့်ကြည့်တယ်။ ကျွန်တော်ထပြန်ချင်စိတ်ကို မနည်းအောင့်အီးထားရတယ်။
ဆရာမကို အားနာလို့သာ။ ဆရာမကလည်း ကျွန်တော်နဲ့ သိနေတယ်လေ။ သိပ်မကြာခင်မှာပဲ ကျွန်တော့်ရဲ့
ပြန်ချင်စိတ်အကုန်လုံး ကို ရပ်တန့်စေမယ့် နတ်သမီးခေါင်းလောင်းထိုးသံလေးကိုကြားလိုက်ရတယ်။
ဒို၊ရေ၊မီ၊ဖာ တွေ ကျွန်တော်နားမလည်ပါဘူး။ ဂီတအကြောင်းလည်း မသိပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်က
ကြားလိုက်ရတဲ့ သူမရဲ့အသံဟာ ညသန်းခေါင်ယံမှာ ကောင်းကင်ကထိုးလိုက်တဲ့ တယောသံလေးလိုပါပဲ
ဆူညံမှုတွေကြားထဲက ကျွန်တော့် နားစည်ကို ကြည်လဲ့စွာ လာရိုက်ခတ်တယ်။ ကျွန်တော်ရင်ခုန်စွာနဲ့
လှည့်ကြည့်လိုက်တော့ သူမ..။ ကျွန်တော်ရဲ့ ဘယ်ဘက်နံရိုးလေးဟာ အဖြူရောင် ဂါဝန်ဒူးဖုံးလေးနဲ့
ဆောင်းနံနက်ခင်းရဲ့ နှင်းပွင့်လေးတစ်စက်လို့ ဖြူလွှဖွေးလက်လို့ ကျွန်တော်နှလုံးသားတစ်ခုလုံးကို
ဆွဲယူသိမ်းပိုက်သွားတယ်။ သူမက ရူပဗေဒ မေဂျာကပဲ။ ဒါဆို ကျွန်တော်နဲ့ အတူတူပဲပေါ့။ ကျွန်တော်
အရမ်းပျော်သွားတယ်။ ကျွန်တော့်ရင်ထဲမှာ အာကသကြီးတစ်ခု ၀င်ရောက်နေရာယူသွားသလို ဟာလာဟင်းလင်းကြီး။
ဒါဟာ ဘာဖြစ်တာပါလဲ။ ကျွန်တော်သိသွားတယ်။ ကျွန်တော်သူမကို ချစ်နေတာ သေချာပါပြီ။ တကယ့်ကို
မြတ်မြတ်နိုးနိုးနဲ့ပါ။ ဘယ်အရာနဲ့မှ နိုင်းယှဉ်လို့မရတဲ့ ချစ်ခြင်းမျိုး ဆိုတာ ကျွန်တော်
သိနေတယ်။ ဒါဟာ ကျွန်တော့်ဘ၀ကို ကိုယ့်ကိုကိုယ် ပထမဆုံး စသိတဲ့ အချိန်ပါပဲ။ ကျွန်တော့်တစ်ကိုယ်လုံး
ငြိမ်ပြီးတော့ စာအုပ်ကိုပဲ စူးစိုက်ကြည့်နေမိတယ်။ သူမကို ပြန်မကြည့်ရဲပါဘူး။ သူမက ကျွန်တော့်ကို
တစ်ချက်လှမ်းကြည့် ပြီး ဟိုဘက်အထဲခုံမှာ ၀င်ထိုင်ပါတယ်။ ခိုးကြည့်ရမယ့် အခွင့်ရေးလေးကတော့
ဆုံးရှုံးသွားရပြီ။ ကျွန်တော့်စိတ်တွေက ခုနတုန်းနဲ့မတူ ခြားနားစွာ ရင်တွေခုန်ပြီ တစ်စုံတစ်ခုကို
ရှက်နေတယ်။ပြီးတော့ ကျွန်တော်အရမ်းဝမ်းသာနေတယ်ဆိုတာပဲ။ကျွန်တော့် သူမကို ဘယ်လိုကြည့်ရမလဲ။
တခြားသူတွေ ရိပ်မိသွားလည်း စိုးရိမ်မိတယ်။ ဒါနဲ့ပဲ မျက်လုံးလေးထောင့်ကပ်ပြီး ကျွန်တော့်ရဲ့
ဧ၀လေးကို လှမ်းကြည့်မိတယ်။ သူမက ဆရာမကို လှမ်းကြည့်လိုက်၊ စာအုပ်ကိုကြည့်လိုက်၊ တစ်ခါတလေ
ဘောပင်ကို ပါးစပ်လေးနဲ့ကိုက်လိုက်၊ တစ်ယောက်တည်း အလုပ်ရှုပ်နေပါတယ်။ဆံပင်လေးကို တစ်ဖက်ကိုဖါးလျားလေး
ချပြီး၊ တစ်ဖက်ကို နားရွက်နောက်ကို သပ်တင်ထားပါတယ်။ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တွေဟာ
ကျွန်တော့်အတွက်တော့ ရုပ်ရှင် အနှေးပြကွက်လိုပါပဲ ထင်းကနဲ၊ လင်းကနဲ ရင်ထဲကို တစ်စစ်ခြင်း
ထိုးနစ်ဝင်ရောက်နေတယ်။ ကြည့်နေရင်းနဲ့ ကျွန်တော်အားမလို၊အားမရဖြစ် လာတယ်။ သူမကို တစ်ခါတည်း
မိတ်ဆက်ပြီး ဘယ်လောက်ချစ်ပါတယ်ဆိုတဲ့အကြောင်း တစ်ခါတည်း ပြောပစ်လိုက်ချင်တယ်။ ဒါပေမယ့်
ဘတ်(စ်)ကားပေါ်က စာတန်းလို ဆန္ဒကို သိက္ခာနဲ့ ပြန်ပြန်ထိန်းနေရတယ်။အချစ်ဆိုတာ နွေရာသီမှာထွက်တဲ့
နှပ်ချီးလိုပဲ လူကိုနေရ၊ထိုင်ရ အတော်ခက်စေတယလို့် ကောက်ချက်ချမိတယ်။ ခဏအကြာ တီချယ်က
ပုစ္ဆာတစ်ပုဒ်အိမ်စာပေးပြီး အတန်းဆင်းလိုက်ပါတယ်။ အားလုံးစာအုပ်တွေသိမ်းပြီး ထပြန်တော့
ကျွန်တော့်ရဲ့ နတ်သမီးလေးက ထိုင်ရကတောင်မထသေးပါဘူး။ သူမက တစ်စုံတစ်ခုကိုအပြင်းထန် စဉ်းစားနေပုံရတယ်။
တစ်ခါတစ်ခါ မျက်မှောင်ကျုံကျုံပြီးတော့ အလေးနက်စဉ်းစားနေသေးတယ်။ ဘာတွေများ ဒီလောက်အရေးတကြီး
တွေးနေပါလိမ့်လို ကျွန်တော်တောင် တအံတသြဖြစ်သွားတယ်။ တီချယ်လည်း စိတ်ဝင်စားသွားပုံရပါတယ်။သူမ
အနားကို လာမေးတယ်။
“သမီး..ဘာလုပ်နေတာလဲ..မပြန်သေးဘူးလား”
“သမီး..စဉ်းစားနေတာပါ ချယ်..” သူမက အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။
“သြော်… ပုစ္ဆာကခက်လို့လား
တီချယ်ကိုပြကြည့်လေ”
တီချယ်က ရှင်းပြဖို့ထိုင်ခုံမှာဝင်ထိုင်တော့
သူမက စာအုပ်ကိုပိတ်ပြီး
“ပုစ္ဆာက လွယ်ပါတယ်..ချယ်..သမီးစဉ်းစားနေတာက
လူတွေသေရင် ရှေ့မှာဘာလို့ ရေအိုးကို ခွဲကြတာလဲ..သိချင်လို့..စဉ်းစားနေတာ အခုထိမရဘူး..တီချယ်သိရင်
သမီးကို ပြောပြပါလားဟင်”
သူမက တကယ်လိုလိုလားလားကို
သိချင်တဲ့ပုံမျိုးနဲ့ မေးနေတာ။ တီချယ်လည်း တစ်ချက်အမ်းသွားပြီး နောက်မှ တစ်စုံတစ်ခုကို
သတိရသွားသလို မှားပြီ ဆိုတဲ့ ပုံမျိုးနဲ့ ဟိုလှည့်ဒီလှည့်နဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်။
ကျွန်တော်လည်း ကြောင်သွားတယ်။ သူမကပါ ကျွန်တော့်ဘက် လှည့်လာပါတယ်။ တီချယ်က စစ်ကူတောင်းတဲ့အနေနဲ့
ကျွန်တော့်ကို လှမ်းကြည့်ပြီး
“ ရဲထွဋ်ကတော့ ရလိမ့်မယ်..သမီးရဲ့
သူကစာအရမ်းဖတ်တယ်.. တီချယ်ကတော့ စာဖတ်အားနည်းတော့ သိပ်မသိဘူး.. သား..သမီးကို တစ်ချက်ရှင်းပြလိုက်ပါကွယ်..
တီချယ်နောက်တစ်ဝိုင်း ရှိသေးလို့ သွားလိုက်ဦးမယ်”
တီချယ်လည်း မပြေးရုံတမယ်ပဲ
ဆင်းသွားတယ်။ ကျွန်တော့်မှာတော့ ကိုယ်ချစ်ရတဲ့ ကောင်မလေးနဲ့ ရင်ခုန်ရမယ့်အစား ချွေးပြန်ချင်လာတယ်။
သူမ ပုံမှန်ရော ဟုတ်ရဲ့လား။ ဘုရား၊ သိကြားမလို့ ကောင်းကောင်းကန်းကန်းလေးဖြစ်ပါစေ။ သြော်…ကြိုမမြင်ရတဲ့
အလွဲဆိုတာ ဒါမျိုးဖြစ်မယ်ထင်ပါ့။ ကျူရှင်မှာလည်း တခြားဘယ်သူမှလည်း မရောက်သေးဘူး။ သူမနဲ့
ကျွန်တော်နှစ်ယောက်တည်း။ သူမပုံစံက ရေအိုးပြဿနာမှ မရှင်းနိုင်ရင် ပြန်မယ့်သဘောမရှိဘူး။
သူမက ကျွန်တော့် အနားကို တိုးလာတယ်။
“ ရဲထွဋ်..နင်သိရင် ငါ့ကို
ရှင်းပြပါလားဟယ်..”
တကယ့်ကို ချစ်စရာကောင်းပါလားလို့
ကျွန်တော်နောက်တစ်ကြိမ်အသိမှတ်ပြုရင်း ထပ်ချစ်သွားတယ်။ မျက်လုံးလေးက ၀ိုင်းစက် ကြည့်လင်ပြီး
အရည်လဲ့နေတယ်။ မေးတဲ့ပုံကလည်း အားကိုးတကြီး ခင်ခင်မင်ရင်းရင်းနှီးနှီးနဲ့..။ ရဲထွဋ်
ဆိုတဲ့ အသံလေးက အဖျားခတ်ပြီး တုန်နေတယ်။ ကျွန်တော့်တစ်သက်မှာ ကျွန်တော်နာမည်ကို ခေါ်တာ
ဒီတစ်ခါ အသာယာဆုံးပဲလို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ကျွန်တော့်တစ်ကိုယ်လုံး အရည်ပျော်ကျသွားသလားတောင်
ထင်မိပါတယ်။ ဒါပေမယ့် ပြဿနာက ရေအိုးကိစ္စကျွန်တော်လည်း မသိဘူး။ တစ်ခါမှလည်း မစဉ်းစားဖူးဘူး။
လေ့လည်း မလေ့လာမိဘူး။ ကျွန်တော်ဖတ်တဲ့ စာအုပ်တွေထဲမှာလည်း မပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်အတွက်
အခွင့်ရေးပဲ ရုပ်တည်နဲ့ရွှီးပြီးတော့ နာမည်၊ဖုန်းနံပါတ် လိပ်စာ ဘာညာသာရကာ အကုန်မေးမယ်။
ပြီးရင် ဇာတ်လမ်းစမယ် လုံးဝကွက်တိပဲ။ ဒါနဲ့ပဲ ကျွန်တော့်ရဲ့ လံကြုပ်ဇာတ်လမ်းကြီးက စပါတော့တယ်။
သူမယုံကြည့်ဖို့အတွက် အမူယာကအစ ဒရာမာချိုးလိုက်တယ်။
“ဒါက ဒီလိုဟ… ဒီအယူဆက ငါတို့မြန်မာ
အယူဆမဟုတ်ဘူး.. အိန္ဒယက လာတာ။ ရှေးတုန်းက လူတွေက အရမ်းအယူကြီးတယ်။ လူတစ်ယောက်သေတာဟာ
တခြားဘုံဘ၀ကို ရောက်သွားတာဖြစ်လို့ သူတို့ဒီလို လုပ်ပေးရင် မြင့်မြတ်တဲ့ နေရာကို ရောက်မယ်လို့
ထင်ကြတယ်။ ”
ကျွန်တော် ကြားဖူးတဲ့ စကားလုံးအကြီးကြီးတွေ
ပစ်သုံးပလိုက်တယ်။ သူမက ဒီဖက်မှာ အတော်အားနည်းပုံရပါတယ်။
“တကယ်… ဘာဆိုင်လို့လဲဟင်..”
သူမက တအံတသြလေးနဲ့ မေးတယ်။
ကျွန်တော်လည်း ဖြစ်ရမယ်လေဆိုတဲ့ ပုံမျိုးနဲ့ ဆက်ရွှီးတယ်။
“ဟိုးရှေးတုန်းက အိန္ဒယမှာက
ဗေဒင်ပညာအရမ်းကိုထွန်းကား ကျယ်ပြန့်တယ်။နေရာတကာမှာ သူတို့က ဗေဒင်နဲ့ပဲအလုပ်လုပ်ကြတယ်။
အဲ့အတွက် ဒီရေအိုး ကိစ္စမှာလည်း ဗေဒင်နဲ့ပဲတွက်ချက်ပြီး လုပ်ကြတယ်။”
ကျွန်တော်က စကားကို ခဏ ရပ်ပြီး
သူမကိုကြည့်လိုက်တယ်။သူမက အသေချာအလေးနက်ကို တွေးခေါ်စဉ်းစားနေတယ်။ ပြီးမှ “အင်း….ဖြစ်နိုင်တယ်..အခုခေတ်မှာလည်း
ဒီအတိုင်းပဲဟာကို”
ဆိုပြီး ကောက်ချက်ချတယ်။
တော်သေးတယ် လက်ခံသွားလို့။ နို့မိုဆို မလွယ်ကြောဆိုတာ ကျွန်တော်သိနေတယ်။
“အဲ့ဒီတော့ သူတို့က ကတ်ကင်းရိုက်တယ်။
ကတ်ကင်းဆိုတာ သိလား။”
“ဟင့်အင်း..မသိဘူး။ ကြားလည်းမကြားဖူးဘူး”
သူမက ဆံပင်လေးတွေ ရမ်းခါသွားအောင် ခေါင်းခါပြတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးပေါ့။
ကျွန်တော်လည်း ခပ်တည်တည်နဲ့ စာအုပ်တစ်အုပ်ယူပြီး ကတ်ကင်းအကြောင်း ရှင်းလိုက်တယ်။
“ ကတ်ကင်းဆိုတာ 13 ဂဏန်းကိုပြောတာဟ..”
“ဟမ်…ဘာဆိုင်လို့လည်း..”
သူမပုံစံက တကယ့်ကို မယုံမကြည်ပါ။ တစ်ခါမှလည်း ကြားဖူးသည် ပုံမရ။ ဘယ်ရမလဲ ဒါက ပေါက်ကရတွေဟာကို။
ကျွန်တော်လည်း ပေါက်တဲ့နဖူး မထူးတော့ပြီး ပလာစတာသာဝယ်ကပ်လိုက်တော့မယ်လို့ သဘောထားပြီး
ကိုယ့်ဟာကို ပြန်ရှင်းရပါတော့တယ်။
“ ဟာ… ဆိုင်တာပေါ့ဟ.. ကတ်ဆိုတာက
ဖဲကတ်ကိုပြောတာ ကင်းဆိုတာက ဖဲကတ်ပေါ်က ကုလားကင်းကိုပြောတာ။ ဆိုလိုတာက နံပါတ်13 ပေါ့ဟာ..။အဲ့တော့
13 ဆိုတာက ကံမကောင်းတဲ့ဂဏန်းလို့ သူတို့ယူဆကြတယ်။ အဲ့တော့ ဆယ်သုံးကို 31 လို့ပြောင်းရင်
ကံကောင်းမယ်လို့လည်း ယုံကြည့်ကြတယ်။ အဲ့ဒါကြောင့် 13 ကို 31 ပြောင်းတာကို ကတ်ကင်းလို့ခေါ်တယ်…မသိရင်မှတ်ထား”
ဘာမှမဆိုင်ဘူးဟုတော့ မထင်ကြပါနှင့်။
သူဟာနှင့်သူတော့ ဆိုင်ချင် ဆိုင်နေပါလိမ့်မည်။ ကျွန်တော်လည်း ကြားဖူးနားဝလေးနဲ့ ရမ်းသန်းဖြီးရတာကို
ဟုတ်တာ၊ မဟုတ်တာထက် လက်ရှိရန်က ကင်းလွတ်ဖို့ အရေးကြီးသည်ဟု နှလုံးပိုက်ထားပါသည်။ ပြောလို့တော့မရ
ဘုရားလက်ထက်တော်ကလည်း ဖဲဝိုင်းတွေပေါ်ချင်ပေါ်နေမှာ။
“အေးဟ… နင်ပြောသလိုဆိုရင်တော့
ဟုတ်သလိုလိုပဲ.. ဒါပေမယ့် 13 က unlucky ဆိုတာက အနောက်တိုင်း အယူအဆမဟုတ်လား ”
ကျွန်တော်လည်း အလိမ်ပေါ်အလိမ်ဆင့်ရတော့တာပေါ့။
“ဟာ…နင်ကလည်းအဲ့ဒီကောင်တွေက
ငါတို့ အရှေ့တိုင်းက ဟာတွေကို အကုန်ခိုးချနေတဲ့ ကောင်တွေ…( သီချင်းတွေ၊ ၀တ္ထုတွေ၊ စတိုင်တွေကအစ
ပြောချင်ဘူး) ပြီးရင် သူတို့ဟာလိုလို၊ ဘာလိုလို လုပ်ပလိုက်တာ.. တကယ်တော့ အရာအားလုံးက
ငါတို့အရှေ့တိုင်းသားတွေကဆီက စတာ”
“ထားပါတော့လေ…ဆက်ပြောပါဦး
”
ဒီတစ်ခါတော့ သူမသိပ်လက်ခံပုံမရ။အင်တင်တင်နဲ့။
တက်နိုင်ဘူးလေ။ ဖြီးရမှာပဲ။ဒါမှ အဆင်ပြေမှာ မဟုတ်လား။
“အဲ့ဒီတော့ နင်စဉ်းစားကြည့်ဟာ
ရေအိုးဆိုတာက ဗုဒ္ဓဟူးနံဆိုတော့ ၄၊ အိုးက တနင်္ဂနွေ ၁၊ အဲ့တော့ ၄၁..ဟာ”
ကိုယ့်ကိုကိုယ် လွဲပြီဆိုတာ သိလိုက်တယ်။ပြောထားတာက
၃၁ ၊ အခု ၄၁ ဖြစ်နေပြီ။ သူမက မျက်မှောင်ကုပ်ပြီး သေချာကြည့်တယ်။ ကျွန်တော်လည်း အိမ်ကတူမလေးကို
တင်း၊ကျပ်၊ပြား ပုစ္ဆာတွေတွက်ပြတဲ့အတိုင်း ဖြီးလိုက်တယ်။
“အဲ့..၄၁ ထဲက ၁ ကိုပြန်နုတ်တော့
31 ပေါ့”
“နေပါဦး… ၁ ကဘာလို့ ပြန်နုတ်ရတာလဲ..”
“သြော်…ဒါက သချာင်္သဘောတရားအရလေ
အိုင်စတိုင်းရဲ့ ဖလာမီတန်သီအိုရီအရပေါ့” သူမ တော်တော်အံသြသွားပုံရတယ်။ ကျွန်တော့်ကို
ပြူးကြည့်နေတယ်။ ဒီသီအိုရီလည်း ကြားဖူးပုံမရ။ ဘယ်ကြားဖူးမလဲ ပါးစပ်ထဲရှိတာလျှောက်ပြောလိုက်တာ။
နောင်ခါလာ နောင်ခါဈေးလို့ပဲ သဘောထားလိုက်တယ်။ ပြောတော့ ဟိုးရှေးရှေးတုန်းက သီအိုရီကျတော့
အိုင်စတိုင်းတဲ့ ကိုယ့်စကားတောင် ကိုယ်မျက်စိလည်ချင်စရာ။ သူမလေးလေးနက်နက်ကို စဉ်းစားသွားတယ်။
ကျွန်တော်လည်း ရုပ်တည်နဲ့ ဆက်ဖြီးလိုက်သေးတယ်။
“အဲ့ဒီအကြောင်းရေးထားတဲ့
စာအုပ်ကရှားတယ်ဟ… ငါတောင်မှ ငယ်ငယ်တုန်းကဖတ်ဖူးတာ.. အခုဆိုဘယ်ရှိတော့မလဲ..”
အဲ့ဒီလိုနဲ့ ရေအိုးပြဿနာက
ပြေလည်သွားပါတယ်။ လျှောက်ဖောရတာ များလွန်းလို့ နာမည်လေးမေးဖို့တောင် မေ့သွားတယ်။ ဒါပေမယ့်
သိပ်တော့ အရေးမကြီး။ နောက်နေ့ကျမှ ၀င်ရောပြီး မေးမယ်လို့ တေးထားလိုက်တယ်။ သူမကလည်း
ခပ်တည်တည်ပါပဲ။ ကျွန်တော့်ရှင်းလင်းချက်ကို နားထောင်ပြီး “နင်က တော်တော်ဗဟုသုတပြည့်တာပဲနော်..တဲ့”
ရွဲ့တာလား၊စောင်းတာလား မသိ။ သိသိရက်နဲ့ပဲ မသိချင်ယောင်ဆောင်သွားတာလား။ တကယ်ပဲ မသိတာလား။
တမင်တကာပဲ ခေါင်းလာစားတာလား။ စိတ်ကောမှန်ရဲ့လား။ စသည့် လားပေါင်းများစွာနဲ့ အဲ့ညက ကျွန်တော်
အိပ်မက်ထဲမှာ ယတြာချေရတယ်။ ရေအိုး ကိုခေါင်းစွပ်ပြီး ကိုယ်ချစ်တဲ့ ကောင်မလေးနာမည်ကို
သက်စေ့အော်ရတယ်။
2 comments:
လှလှပပ အချစ်ဝတ္တုလေး လိုလိုနဲ့ ဟာသလေး ဖြစ်သွားပါလား... :)
ကောင်းလှချည်လား ဆရာရဲ့
အားပေးနေပါ့မယ်
ဆရာ့ ကိုလေးစားအားကျသူတစ်ဦး
Post a Comment