Pages

Monday, February 20, 2012

သင်္ကြန်နောက်ဆုံးနေ့...

အချိန်ကား နေ၀င်ရီတရော..။
လူကြီးပြောတတ်သည်က နွားရိုင်းသွင်းချိန် (သို့)အပုပ်ချိန်..။
ဖိုးထူးတစ်ယောက် ဂဏာမငြိမ်ဖြစ်နေသည်။ သူကျောင်းနေသည့် နွားတွေဆီပင် အာရုံမရောက်နိုင်။ နေ၀င် သည့်ဘက်သို့သာ လှမ်းလှမ်းကြည့်နေသည်။ သည်နေ့က သင်္ကြန်နောက်ဆုံးနေ့။ ရပ်ရွာဓလေ့ထုံးစံအတိုင်း ပုံးတွေ၊ ခွက်တွေ တီးနေကြသည်။ မကောင်းဆိုးဝါးများကို ရပ်ရွာထဲမှ နှင်ထုတ်ခြင်း အလေ့အထပင် ဖြစ်သည်။ သို့သော် ဒါတွေလည်း ဖိုးထူး ဂရုမစိုက်အား။ သူတွေးနေသည်က ညနေက ဦးမြင့်အောင်ပြောသွားသော စကားပင်ဖြစ်သည်။ ဦးမြင့်အောင်နှင့်သူတို့နဲ့က တကယ့်မိသားစုအရင်းချာတွေလိုဖြစ်သည်။ ဦးမြင့်အောင်က လယ်လုပ်သည်။ အဝေးကြီးတော့ မဟုတ်။ သူတို့ရွာအနောက်ဘက်တွင်သာ။ သူတို့နှစ်ယောက်က ရင်းနှီးသည်ထက် ပိုသည်။ အမှန်တော့ သောက်ဖော်သောက်ဖက်တွေသာ။ မနက်က သူ့ဆီလာသည်။ ညနေကျလျှင် သူကွင်းမြှောက်မယ်..မင်းလာချင်ရင်လာခဲ့..တဲ့။ ကွင်းမြှောက်တယ်ဆိုတာက ကွင်းပိုင်အဘိုးကို အရက်နဲ့ တင်မြှောက်ခြင်းဖြစ်သည်။ လယ်မြေအထွက်ကောင်းဖို့ တခြားအနှောက့်အယှက်တွေကင်းဖို့..ဒါတွေက လယ်သမားတွေရဲ့ အယူအဆ။ အခုလည်း ဦးမြင့်အောင်က ကွင်းမြှောက်မည်..အရက်နှင့်..အမြည်းကတော့ ကြက်ကောင်လုံးကြော်ဆိုတော့ ဖိုးထူးအတွက် မပစ်ရက်နိုင်စရာ အခွင့်အရေးကြီးတစ်ခုဖြစ်နေသည်။ သူနွားတွေကို စောစောသိမ်းလိုက်သည်။ အိမ်ကထွက်တော့ အမေက မှာနေသည်။ ရွာအပြင်မထွက်ဖို့..။ အခုချိန်က သရဲမောင်းချိန် ဘာညာဖြင့် ပြောနေသည်။ ဖိုးထူးက သိပ်တော့ အယုံကြည်မရှိ။ ယုံဖို့လည်း မစဉ်းစား။ သူစဉ်းစားသည်က ကွင်းမြှောက်ပြီးလျှင် သောက်မည်။ မနက်ကျမှ ဦးမြင့်အောင်နှင့်ပြန်တက်လာမည်။ အတွေးထဲမှာတော့ အားလုံး အိုကေ။   တစ်ရွာလုံးဆူညံနေသည်။ ပုံးသံတွေအပြင် တခြားအမျိုးမည်မသိ အသံပေါင်းစုံ။ လူကြီးတွေက ပုံးတွေ၊ သံစည်ပိုင်းတွေ တီးသည်။ ကလေးတွေကတော့ ဘာမှန်းညာမှန်းမသိ လက်ထဲရှိတာတီးကာ ပျော်နေကြသည်။ ဖိုးထူးတစ်ယောက် ခပ်သုတ်သုတ်ဖြင့် ရွာအနောက်ဘက်လမ်းအတိုင်း ထွက်လာသည်။ သူတို့နေတာက ရွာဆိုပေမယ့် အရမ်းရွာအဆန်ကြီးတော့ မဟုတ်။ အိမ်ခြေစေ့သည်။ ဟိုမရောက်၊ ဒီမရောက် ရွာဖြစ်သည်။ ရွာနဲ့ ဦးမြင့်အောင် တဲနဲ့ကလည်း သိပ်မဝေး။ နာရီဝက်လောက်လျှောက်လိုက်လျှင် ရောက်ပြီ။ ပြီးတော့ လမ်းတစ်လျှောက်ကလည်း ပြတ်လပ်နေတာမဟုတ်။ ဘုန်းကြီးကျောင်းလည်း ရှိသေးသည်။ ဒါ့အပြင် သွားနေကြခရီးလည်း ဖြစ်ပြန်တော့ တခြားဘာတွေ၊ညာတွေ သူသိပ်ဂရုမစိုက်။ ရွာကထွက်လာတော့ ပဲ အတော်မှောင်နေပြီ။ ပြောမယ့်သာပြောတာ တစ်လမ်းလုံးမှ သူတစ်ယောက်တည်း။ ခဏကြာတော့ ရှေ့မှာ လူတစ်ယောက်ကို လှမ်းမြင်ရသည်။ သိပ်တော့ မသဲကွဲ။မှောင်ကလည်း မှောင်နေပြီ။ ထိုလူက ခပ်သွက်သွက်လျှောက်နေသည်။ ဖိုးထူးကလည်း မှီအောင်လိုက်လျှောက်သည်။ နည်းနည်းနီးလာတော့ ထိုလူက လမ်းဘေးချုံထဲသို့ ၀င်သွားသည်။ အပေါ့၊အပါး သွားတာဖြစ်လိမ့်မည်။ သူနည်းနည်းလျှောက်လိုက် ရင်တော့ အတူတူလောက်ဖြစ်သွားလိမ့်မည်။ စကားပြောဖော်တော့ ရပြီဟု ဖိုးထူးစဉ်းစားကာ အားတက်သွားသည်။ ချုံနားသို့ ရောက်လာသည်။ စောစောက လူကိုမတွေ့။ ဘယ်နားဝင်သွားလဲဟုတွေးကာ လိုက်ရှာကြည့်သည်။ မရှိ။ မြင်ကွင်းကလည်း အရှင်းကြီး။ ဖိုးထူးခေါင်းနည်းနည်း ကြီးသွားသည်။ ရင်တွေလည်း ခုန်လာသည်။ ဆက်လျှောက်တော့ ဘုန်းကြီးကျောင်းနား ရောက်လာသည်။ သူ့ဦးနှောက်ထဲသို့ အတွေးတစ်ခု ၀င်လာသည်။ သူတို့ငယ်ငယ်ကတည်းက ကြားဖူးသည် အရာတစ်ခု။ ဇီးပင်သရဲ..။ ဘုန်းကြီးကျောင်းနားမှာ ရှိသော ဇီးပင်က သရဲခြောက်သည်ဟု ရွာထဲမှာ နာမည်ကြီးသည်။ ဘယ်သူ့၊ဘယ်သူတွေကို ခြောက်ခဲ့သည်လည်းတော့ မသိ။ ဒါပေမယ့် အကုန်းလုံးလိုလိုတော့ ကြောက်ကြသည်။ ဖိုးထူး ခြေလှမ်းတွေတုံ့ခနဲ ဖြစ်သွားသည်။ သူသွားမည့် လမ်းက ဇီးပင်ဘေးက။ အရင်တုန်းက ခဏခဏသွားသည်ဆိုသော်လည်း နေ့ခင်းကြောင်တောင် ကြီးဆိုတော့ ပြဿနာမရှိ။ အခုက မိုးတောင် အတော်ချုပ်နေပြီ။ ပြီးတော့ သူတစ်ယောက်တည်း။ အားငယ်စိတ်က ငယ်ထိပ်ကို တက်ဆောင့်သည်။ထိုအချိန် ဦးမြင့်အောင်စကားကို ကြားယောင်လာသည်။ အရက်နဲ့ကြက်ကြော်..။ သည်နှစ်ခုက ဖိုးထူးကို ဆွဲဆောင်နေသည်။ မသွားရင်လည်း မကောင်းဘူးဟု စိတ်ထဲမှာ တွေးမိသည်။ ဒါ့အပြင် သူ့ကို သူရဲဘော်ကြောင်သည်ဟု ထင်သွားမှာလည်း မလိုလား။ ဖိုးထူး ဆက်လျှောက်သည်။ ထိုအချိန် သူ့အနောက်မှ ၀ုန်းဝုန်းဆို လူအုပ်ကြီးတစ်အုပ်ပြေးလာသည်။ အရွယ်စုံ၊ ဆိုဒ်စုံ၊ ဂိုက်စုံ။ ထူးခြားတာက သူတို့အကုန်လုံး အ၀တ်စားမရှိကြ။ ဗလာတီးကိုယ်လုံးတွေဖြင့်။ အကုန်လုံးက ၀ရုန်းသုန်းကားဖြင့် ပြေးလာကြသည်။ လဲသူကလဲ၊ ပြန်ထူသူကထူဖြင့် သူ့ဘေးနားက ဖြတ်ပြေးသွားကြသည်။ ထူးဆန်းသည်က သူ့ကိုတစ်ယောက်မှ ၀င်မတိုက်ကြ။ တချို့ဆို သူ့ကိုယ်ကိုပင် ဖြတ်တိုက်သွားသလာဟု ထင်မိသည်။ သူ့ဘေးနားက ဖြတ်ပြေးသည်ဆိုသော်လည်း လေတိုက်သလို ဟူးခနဲဖြစ်သည်။ သိပ်မကြာ သူတို့အားလုံး ရပ်လိုက်ကြသည်။ ညီညီညာညာစီတန်းလျက်။ ဇီးပင်ဘေးမှာ..။ ဖိုးထူး ကြက်သီးတွေတဖြန်းဖြန်ထလာသည်။ ခေါင်းတွေလည်း အဆမတန်ကြီးလာသည်။ တစ်ကိုယ်လုံးလည်း ချွေးစေးတွေ ပြန်လို့..။ သူသိလိုက်ပြီ။ သရဲအခြောက်ခံရပြီ။ အရှေ့မှာပိတ်ရပ်နေသော လူတန်းကြီးက နည်းသည်မဟုတ်။ ကိုယ်လုံးတီးတွေနဲ့..။ လက်သည်းတွေကလည်း အရှည်ကြီးတွေ။ ဆံပင်ဖားလျား..မျက်လုံးစိမ်းစိမ်းတွေနဲ့ သူ့ကို ကြည့်နေကြသည်။ ဖိုးထူးတစ်ကိုယ်လုံး အသက်မဲ့သလို တောင့်တောင့်ကြီး။ သူတော့ သွားပြီဟု ထင်လိုက်သည်။ သို့သော် သူနောက်လှည့်ဖို့ မစဉ်းစားမိ။ သူ့ခေါင်းထဲသို့ အတွေးတစ်ချက်ဝင်လာသည်။ ဘုန်းကြီးကျောင်း..။ သူတို့ရပ်နေကြသည်က ဘုန်းကြီးကျောင်းဘေးနားက ဇီးပင်ဘေးမှာ။ ဘုန်းကြီးကျောင်းကလည်း လှမ်းခေါ်လျင် ကြားရသည်။ သူလည်းချောင်းထဲက ခြစ်ကာအော်လိုက်သည်။ “ဦးဇင်း..ဦးဇင်း..”..ခေါ်သံဆုံးတော့ ကျောင်းအပေါ်ထပ်က ပြတင်းပေါက်တစ်ခုမှ ဦးဇင်းတစ်ပါး ခေါင်းထွက်လာသည်။ သူအားတက်သွားသည်။ ဦးဇင်းက ဘာလဲဟု လှမ်မေးသည်။ သူဘာပြန်ပြောရမှန်းမသိ။ ပါးစပ်ထဲရှိရာ..ကောက်မေးလိုက်သည်။ ဦးမြင့်အောင်ရှိလား ..ဘုရား..။ဦးဇင်းက သူ့ကိုကြောင်တောင်တောင်ဖြင့်ကြည့်ကာ မရှိဘူးဟုပြော၍ တံခါးပြန်ပိတ်သွားသည်။ သူနောင်တရသွားသည်။ နောက်တစ်ကြိမ်ခေါ်လျင်တော့ ဖွင့်တော့မဟုတ်မှန်းစိတ်ထဲကသိနေသည်။ ဒီကြားထဲ ဗြုန်းဆို ဇီးပင်ပေါ်က ဇောက်ထိုးကြီး တွဲလောင်းကျလာသည်။ ဘာကောင်ကြီးမှန်းမသိ။ ဖိုးထူးတစ်ယောက် ကူကယ်ရာမဲ့သူလို ကြောင်တောင်တောင်ကြီး ဖြစ်နေသည်။ သရဲတန်းကြီးက ရှေ့က ပိတ်လျက်။ သူ့ခေါင်းထဲမှာက အရက်နဲ့ကြက်ကြော်။ သူဘာလုပ်ရမလဲဟု အပြင်းထန် စဉ်းစားသည်။ ဖိုးထူးခါးတောင်းကို မြှောင်နေအောင်ကျိုက်လိုက်သည်။ ထို့နောက် ဖိနပ်ကို ခါးကြားထိုးသည်။ သူ့ကိုယ်သူ ဘာတွေလုပ်နေမှန်းလဲ မသိတော့။ နောက် အသက်ကို ၀၀ရှုကာ အသံကုန်အော်ကာ ရှေ့မှာပိတ်ရပ်နေသော သရဲတန်းကြီးကြားကာ ဖြတ်ကာ စွတ်ပြေးလေတော့သည်။ ဟူးခနဲ့ဆို တစ်စုံတစ်ခုကို ၀င်တိုးလိုက်သလို ခံစားရသည်မှာအပ ကျန်တာသူဘာမှမသိတော့။ သူနောက်သို့လုံးဝလှည့်မကြည့်။ ဦးမြင့်အောင်တဲသို့ ဘယ်လိုရောက်မှန်းတောင် မသိတော့။ သူသတိရတော့ အိမ်ပြန်ရောက်နေသည်။ တစ်အိမ်လုံးက သူ့ကိုစိုးရိမ်တကြီး ၀ိုင်းကြည့်နေကြသည်။ ဘာဖြစ်လာတာလဲဟုလည်း အလုအယက်ဝိုင်းမေးကြသည်။ သူခေါင်းခါက ဘာမှမဖြစ်ပါဘူးဟုပြောကာ နေလိုက်သည်။ သူ့အတွေးထဲမှာတော့ မျက်လုံးစိမ်းစိမ်းကြီးတွေက မထွက်။ လူတန်းကြီး၊ ဇီးပင်ပေါ်က ဇောက်ထိုးကောင်။ နောင်မှသိရသည်မှာ သူပြေးတာ ဦးမြင့်အောင်တဲကိုပင်ကျော်သွား၍ မနည်းပင်လိုက်ဖမ်းရသည်ဟု ဆိုလေသည်။ ဘာပဲပြောပြော ဖိုးထူးတစ်ယောက် ရွာထဲမှာ ငြိမ်သွားသည်။ အရင်လိုလပ်လျားလပ်လျားမဟုတ်တော့။ အိမ်ကိုစောစောပြန်သည်။ မိုးချုပ်သည်ထိအောင် မနေတော့။ အရက်လည်း မသောက်ဖြစ်တော့။ သူ့အိမ်က ဘာဖြစ်လာမှန်းမသိသော်လည်း ဖြစ်သွားတာပဲကောင်းပါတယ် ဟုသာ ဆိုသည်။ ထူးခြားသည်က ဖိုးထူးတစ်ယောက် သင်္ကြန်ရောက်လျှင် ရိပ်သာဝင်ခြင်း ပင်ဖြစ်လေတော့သည်။

(ဤဖြစ်ရပ်သည် ဖြစ်ရပ်မှန်ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်)

0 comments: