Pages

Thursday, January 26, 2012

ကလေးပေးသော အတွေး

ကောင်လေးက ကလေးသာသာအရွယ်လေး.. အလွန်ဆုံးရှိမှ ဆယ်နှစ်၊ ဆယ်နှစ်နှစ်ပဲ ရှိဦးမည်။ လူကြီးတွေ ကြားထဲမှာ သူက ကြပ်ညှပ်လျက်။ လူက ပိန်ပိန်၊ အသားက နေလောင်ခံ ညိုညစ်ညစ်။ ဆံပင်လေးက ကျဲတဲတဲနှင့် သေးသေးကလေး ဖြစ်နေသည်။ တစ်ပတ်တစ်ခါ သမ၀ါယမမှ ဆီပေးသည့်အခါ လာတိုးကြသည် သူတွေက အများသာဖြစ်သည်။ အဲ့ဒီအထဲမှာ ဆိုဒ်စုံ၊ ဂိုက်စုံ။ ဒါပေမယ့် သူ့လိုပုံစံမျိုးတော့ တစ်ခါမှ မတွေ့ဖူး။ မနက် (7) နာရီလောက် ကတည်းက ဆီစပေးကာ (8)နာရီလောက်ကျတော့ လူအတော်ပါးလာပြီ။ ကောင်လေးက ကလေးဆိုတော့ လူကြီးတွေက ကျော်တက်လိုက်၊ သူ့ထက် အကောင်ကြီးတဲ့သူတွေက အနောက်ပို့လိုက်နဲ့ အရှေ့ကို မရောက်နိုင် လုံးချာလည် လိုက်နေသည်။ ကြာတော့ သူ့ကို သနားလာတာနဲ့ လှမ်းခေါ်ရတော့သည်။

“ဟေ့.. ဟိုကလေး ဒီကိုလာဦးကွဲ့..”

ကျွန်တော်လှမ်းခေါ်တော့ ကောင်လေးက ၀မ်းသာအားရပြေးလာသည်။ ဖိနပ်တောင်မပါရှာ။ အကျီ င်္ကလည်း စွပ်ကျယ် အပေါက်ကလေးနှင့် သနားစရာကလေးဖြစ်နေသည်။

“မင်း ဆီ လာတိုးတာလား”

“ဟုတ်ကဲ့.. ဦး” ကောင်လေးက ရိုရိုသေသေလေး ပြန်ဖြေသည်။ ယဉ်ကျေးပုံရသည်။ ဆီ မြန်မြန်လိုချင်လို့ ဖြေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“သန်းခေါင်စာရင်း ပါလား”

“ဟုတ်ကဲ့..ဒီမှာပါ” ပလတ်စတစ်လောင်းထားသော သန်းခေါင်စာရင်းလေးကို ထုတ်ပြသည်။

“မင်းအိမ်မှာ လူကြီးတွေ မရှိဘူးလားကွ”

“ရှိပါတယ်..။အရင်က အမေတိုးနေကြပါ။ အခုအမေက နေမကောင်းဖြစ်နေလို့ သားလာတိုးတာပါ”
သူ့ဟန်ပန်က ပုံစံနှင့်မလိုက်အောင် ယဉ်ကျေးသဖြင့် မမေးသင့်သော မေးခွန်းကို ကျွန်တော်မေးလိုက်မိသည်။ မတော်တဆ သူဝမ်းနည်းစိတ်မကောင်းဖြစ်သွားမှာလည်း စိုးရိမ်မိသေးသည်။

“မင်းကျောင်းမတက်ဘူးလား”

“ဟုတ်ကဲ့.. တက်ပါတယ်”

“ဘယ်နှစ်တန်းလဲ..ကွ”

“သုံးတန်းပါ..” သူက ပြောပြီး သူ့ရဲ့ ပြူတစ်ပြူတစ် နှပ်ချီးကို ဗြစ်ခနဲညှစ်ပြီး သူ့လက်ခုံလေးနှင့် သုတ်နေသေးသည်။

“ဒီနေ့တော့ ကျောင်းမတက်ဘူးပေါ့..ဟလား”

“မမှီရင်တော့ သွားမတက်ဘူးပေါ့ ..ဦးရာ”သူက လူကြီးဟန်လေးနဲ့ ပြောပြန်သည်။

“မင်းအမေက ကျောင်းမတက်ခိုင်းဘဲ ဆီလာတိုးခိုင်းတာလား”ကျွန်တော့်ကို တစ်ချက်မော့ကြည့်သည်။ သူ့စိတ်ထဲမှာ ဒီလူကြီးက တော်တော်လျှာရှည်တာပဲဟုလည်း ထင်ကောင်းထင်သွားနိုင်ပါသည်။ ဒါပေမယ့် သူပြန်ဖြေပါသည်။

“မဟုတ်ပါဘူး.. အမေကကျောင်းသွားခိုင်းပါတယ်..သားက အမေမသိအောင် လာတိုးတာ..ဒီက ဆီရလို့ သွားရောင်းပြီးရင် ကျောင်းသွားတက်မှာ..” ကျွန်တော်အံ့သြသွားသည်။ သမ၀ါယမက ပေးသောဆီသည် ဘယ်လောက်မှ မရှိ။ တစ်ဆယ်သား ၊နှစ်ဆယ်သားကို သူဘယ်လိုရောင်းမလဲဟု စိတ်ဝင်စားသွားသည်။

“ဘာဖြစ်လို့လဲကွ.. ဒီက ဆီက ဘယ်လောက်ရမှာမို့လို့လဲ”

“ဒီက ဆီတိုးပြီးလို့ လမ်းထိပ်က ဆိုင်မှာသွားရောင်းရင် ၉၀ လောက်ရတယ်လေ.. အဲ့ဒါဆို ဆန်ဝယ်လို့ရပြီ.. အမေက နေမကောင်းတော့ အ၀တ်တွေ မလျှော်နိုင်ဘူး.. ပိုက်ဆံကလည်း မရှိဘူးလေ”
ကျွန်တော်ရင်ထဲ တော်တော် နင့်သွားသည်။ ပိုက်ဆံ 90 ဆယ်သည် ဆန်နှစ်လုံး၊ သုံးလုံးအပြင်ပိုမရ။ တစ်နပ်စာတောင် မရှိ။ သူတို့ ဘယ်လိုစားမှာပါလိမ့်ဟု စဉ်းစားမိသည်။

“ မင်းတို့မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ”

“သားတို့ မောင်နှမ လေးယောက်ရှိတယ်.. သားကအကြီးဆုံး” ဆုံးဆိုသော နေရာမှာ သူ့အသံကလေးက နည်းနည်းဆောင့်သွားသည်။ ကောင်လေး စိတ်မရှည်တော့ဘူးဟု ကျွန်တော်သိလိုက်သည်။ ဒါနဲ့ပဲ တခြား မေးချင်တာများကို အောင့်အည်းကာ ဆီမြန်မြန်ထည့်ကာ ပေးလိုက်သည်။ ဆီရတော့ သူ့မျက်နှာကလေးက ပြုံးရွှင်လို့။ ကျွန်တော်ကိုလည်း ကျေးဇူးပဲဟု ပြောသွားသေးသည်။ သူသွားတော့ ကျွန်တော့်ရင်ထဲမှာ တစ်ခုခုကို မကျေမနပ်ဖြစ်မိသည်။  ကောင်လေးကိုပဲ ငယ်ငယ်ရွယ်ရွယ်နှင့်တော်လိုက်တာဟုပဲ ချီးမွမ်းရမလား။ သူ့ရဲ့ ကံကြမ္မာကြီးကိုပဲ ယိုးမယ်ဖွဲ့ရမလား။ သူ့မိသားစု အသိုင်းဝိုင်းကိုပဲ အပြစ်တင်မရမလား။ ဘာကို ပြောလို့ပြောရမှန်းပင်မသိတော့။ ဒီလောက်အရွယ်လေးနှင့် ဒီလို သိတတ်တဲ့ ကလေး အတော်ရှားသည်ဟု ဆိုရမည်။ သို့ပေမယ့် သူပြောသွားတာတွေကိုလည်း အမှန်တွေပဲဟုလည်း ယူဆ၍ မရ။ သူမုန့်ဖိုး လိုချင်လို့ လာပြီး ခိုး တိုးတာလည်း ဖြစ်နိုင်သည်။ တခြားကိစ္စ အများပြားလည်း ရှိနေနိုင်သည်။ သို့သော် ဒီဟာသာ တကယ့်အဖြစ်ဆိုရင်တော့ ဒီကောင်လေးကို ကျွန်တော်ချီးကျူးသည်ဟု ဆိုချင်ပါသည်။ ဘာကြောင့်ဆို ကျွန်တော်တို့သည် သူ့လောက် မိဘအပေါ်သိတတ်မှုမရှိသေးသောကြောင့်ဖြစ်သည်။


Wednesday, January 25, 2012

ပြန်လာမယ်ဆို...



ငါ့ဘ၀မှာ
မင်းရဲ့ မာဖလာလေးရယ်
သမီးလေးရဲ့ မွှေးပွခွေးရုပ်လေးရယ်ပဲရှိတယ်

ငါပထမဆုံး
မျက်ရည်ကျတာ လေယာဉ်ကွင်းမှာ
မင်းကငါ့ကို အိပ်မက်အကြီးစားတစ်ခုနဲ့ ထားပစ်ခဲ့တယ်

ကံမကုန်ရင်ပေါ့လို့ ပြောခဲ့ရင်း
တို့နှစ်ယောက်ကံကုန်အောင် မင်းတယုတယ ထိုင်ခြွေခဲ့တယ်
မင်းသိပ်ရက်စက်တယ်
ဒီမြေမှာ တော့
အကြီးစား ငတုံးတစ်ကောင် ကျန်ခဲ့ရပေါ့ကွယ်
မင်းလုပ်သမျှ
အံဝင်ခွင်ကျ မှားပြရင်း အလွဲတွေနဲ့အသားကျခဲ့ရ
သကြားဆိုတာ
သမီးလေးရဲ့ အကြည့်လောက်မချိုဘူး
လမင်းဟာ
သမီးမျက်နှာလေးလောက် မ၀ိုင်းဘူး
စောင်းသံဟာ
သမီးရဲ့ အသံလေးလောက် မသာယာဘူး
ငါမင်းတို့ကို လွမ်းတယ်
ရေဆာသူ ရေငတ်သလိုကို လွမ်းတယ်
တကယ်ပါ
ငါ့ဘ၀မှာ
မင်းရဲ့ မာဖလာလေးရယ်
သမီးလေးရဲ့ မွှေးပွခွေးရုပ်လေးရယ်ပဲ ရှိခဲ့တာပါကွာ

Friday, January 20, 2012

ရင်ခုန်စရာ အော်စကာည

"လာပြီဟေ့..."
သတင်းထောက်တစ်ယောက်ရဲ့ အော်သံအဆုံးမှာတော့ ဟိုတယ်ကြီးရဲ့ ဆင်ဝင်အောက်မှာ လူများပျာပန်း ခတ်မျှ လှုပ်ရှားသွားကြသည်။ ကင်မရာမီးများက တဖျတ်ဖျတ်။ မေးခွန်းမေးတဲ့သူကမေး။ အော်တိုထိုးခိုင်းတဲ့ သူက ထိုးခိုင်းနဲ့ လူအုပ်ကြီးမှာ အုန်းအုန်းထသွားသည်။ နက်ပြောင်လှတဲ့ မားစီးဒီးကားကြီးရဲ့ အထဲမှာတော့ မြန်မာပြည်ရဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသား တစ်ယောက်။ ပြည်တွင်းတွင်မက ကမ္ဘာကပါ ချစ်ရသော အနုပညာ ရှင်တစ်ယောက်။ သူက ကမ္ဘာလုံးဆိုင် ရာအော်စကာဆုပေးပွဲသို့ မြန်မာပြည်၏ ကိုယ်စား တက်ရောက်လာခြင်း ဖြစ်သည်။ ဤရုပ်ရှင်ဆုပေးပွဲကို နိုင်ငံပေါင်း (128) နိုင်ငံမှာ ကိုယ်စားလှယ်အနုပညာရှင်များ တက်ရောက် ကြသည်။ ကမ္ဘာကျော် ဒါရိုက်တာကြီးများ၊ သရုပ်ဆောင်များ၊ အဆိုတော်များသာမက စာရေးဆရာ၊ဓါတ်ပုံ ဆရာများပါ တက်ရောက်ကြသဖြင့် ဂျာနယ်များ၏ အကြိုက်ဖြစ်သွားသည်။ ပွဲမစခင် 5 နာရီ အလိုလောက် ကတည်းက ဂျာနယ်လစ်များ၊ သတင်းထောက်များနဲ့ လူပေါင်းထောင်ချီမျှရောက်နေကြပြီ။ သူတို့ချစ်သော အနုပညာရှင်များကို လာရောက်အားပေးမိတ်ဆက်ကြခြင်းဖြစ်သည်။ ထိုအထဲမှာ မြန်မာပြည်၏ ကိုယ်စား ပြု ရုပ်ရှင်မင်းသား သာဂိက အထင်ရှားဆုံး ပေါ်ပြူလာ အဖြစ်ဆုံးဖြစ်နေပြန်သည်။ ဖြူဝင်းသော အသားရေ၊ အရပ်မောင်းကောင်းကောင်း၊ ခန့်ညားထည်ဝါသော ရုပ်ရည်က ပျိုမေတို့ အကြိုက် ဖြစ်နေလေ သည်။ သူ့ရဲ့ အသီးတစ်ထောင် အညှာတပြွတ် ဇာတ်ကားက ၀င်ငွေအကောင်းဆုံး ဒရာမာ ရုပ်ရှင်အဖြစ် အမေရိကန် နိုင်ငံ၏ The Sun သတင်းစာတွင် လေးပါတ်ဆက်တိုက် နေရာယူနိုင်ခဲ့ခြင်းက သူ့ရဲ့ ပရိသတ်ကို ဤမျှ ခိုင်မာစေခဲ့ခြင်းလည်း ဖြစ်သည်။ များပြားလှသော ပရိသတ်များထဲမှာ သာဂိမှာ ဟော်တယ်ခန်းမထဲသို့ တစ်နာရီကျော်ကြာ တိုးဝင်ခဲ့ရသည်။ ဒါတောင် ဘော်ဒီဂတ်အယောက်ငါးဆယ်က လမ်းရှင်းပေးသောကြောင့် တစ်နာရီပဲ ကြာခဲ့ခြင်းဖြစ်၏။ သာဂိ၊ သာဂိ ဟု မပီကလာ၊ပီကလာ အော်သံက ဆင်ဝင်အောက်မှာ ဟိန်းဟိန်းထနေဆဲ ဖြစ်လေသည်။
       ဆုပေးပွဲက မကြာခင်စတင်တော့မည် ဖြစ်သည်။ အစီအစဉ်တင်ဆက်သူများကတော့ ကမ္ဘာကျော် စုံတွဲ အင်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့ စုံတွဲဖြစ်သည်။ သူတို့စုံတွဲက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ် များကို ထင်ရှားသော အနုပညာရှင်များနှင့် ပူးပေါင်းတင်ဆက်သွားသည်။ သုံးနာရီကျော်မျှ အစီအစဉ်များ တင်ဆက်ပြီးသွားသောအခါ ဆုပေးပွဲအစီအစဉ်သို့ ရောက်ရှိလာလေသည်။ ဂျိုလီက ဆုပေးပွဲအစီအစဉ် အတွက် ဆုများကို ကြေငြာရန် လူမည်းမင်းသားကြီး မော်ဂန်ဖရီးမင်းကို စင်ပေါ်သို့ဖိတ်ခေါ်သည်။ အနက် ရောက်ကုတ်အကျီ င်္နှင့် အမည်းရောင်အသားရေက မင်းသားကြီးကို စင်ပေါ်မှာ ပျောက်နေစေသည်။ တစ်ချက်တစ်ချက်ရယ်လိုက်မှသာ သွားဖြူဖြူလေးကို မြင်ရပြီး မျက်နှာကို မှန်းလို့ရလေသည်။ မင်းသား ကြီးက စကားအနည်းငယ် ပြောကြားပြီး ဆုရသည် ဇာတ်ကားများကို စတင်ကြေငြာသည်။ နိုင်ငံပေါင်း 128 နိုင်ငံမှ ကားပေါင်း 500 ကျော်ဝင်ရောက်ယှဉ်ပြိုင်ရာ အကောင်းဆုံးဇာတ်ကား တစ်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး သရုပ်ဆောင်ဆု နှင့် အကောင်းဆုံး နောက်ခံတေးဂီတ ဆုများကိုသာ ပေးအပ်ခြင်းဖြစ်သည်။ ဇာတ်ကား 500 ကျော်ကို ကျွမ်းကျင်ပညာရှင် ငါးထောင်ကျော်မှ အကဲဖြတ် အမှတ်ပေးသည်။ ငါးနှစ်တိတိကြာမြင့်သည်။ ဒိုင်ငါးယောက်သေသွားသောကြောင့် ငါးလ နားရသေးသည်။ 2005 ခုနှစ်၊ ငါးလပိုင်း၊ ငါးရက်မှာ ပြန်လည် စတင်သည်။
       '' အကောင်းဆုံး ဇာတ်ကားဆုကို တော''့ မင်းသားကြီးမှ မပြောသေးဘဲ ပရိသတ်ဘက်ကို တစ်ချက်ကြည့် လိုက်သည်။ ဘယ်သူမှတော့ မမြင်ရပါ။ စကားသံရပ်သွားသောကြောင့် ကြည့်သည်ဟုသာ ထင်ရခြင်းဖြစ်သည်။ မင်းသားကြီးက ဆက်ပြောသည်။ အတော်လည်း ရှက်သွားပုံရပါသည်။ အဘယ်ကြောင့်ဆိုသော သူရပ်နေတာတခြား၊ ပရိသက်များက စိတ်ဝင်တစားပြူးကြည့်နေတာက တခြား ဖြစ်နေသောကြောင့်ပင်။" အကောင်းဆုံးဇာတ်ကားဆုကိုတော့ ဂျပန်နိုင်ငံမှ အိုက်တတ်ရင် ပန်ကာဝယ် ဇာတ်ကားနဲ့ ရရှိသွားပါတယ်။" လက်ခုပ်သံတွေ တဖြောင်းဖြောင်းဆူညံသွားသည်။ ဇာတ်ကားထုတ်လုပ်သူ အား ၀ိုင်းနမ်းကြသည်။ ဓါတ်ပုံတွေ ရိုက်ကြသည်။ (မြန်မာပြည်၏ အကယ်ဒမီပေးပွဲ အတိုင်းပင်ဖြစ်၏)။ မော်ဂန်ဖရီးမင်းကို ဖုတ်လေသည့် ငပိရှိတယ်ပင်မထင်ကြ။ အတော်ကြီးကြာမှ ငြိမ်သွားကြသည်။ မင်းသားကြီးက ဆက်ကြေငြာသည်။ "အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ အီသီယိုးပီးယား နိုင်ငံမှ ဒါရိုက်တာ အီစီကလီက အီဖေကို ဇာတ်ကားနှင့်ရရှိသွားပါတယ်။" ခုနကအတိုင်းပင်ဖြစ်၏။ "အကောင်းဆုံး နောက်ခံတေးဂီတဆုကိုတော့ ဆိုမာလီနိုင်ငံမှ ဓါးပြများက ဓါးပြတစ်ယောက်ရဲ့ နှလုံးသား ဇာတ်ကားနဲ့ ရရှိသွားပါတယ်။" အားလုံးငြိမ်ကျသွားသည်။ တစ်ယောက်နှင့် ဘေးဘီလှည့်ကြည့်ကြသည်။ ပြီးမှ အသံများ ပြန်ထွက်လာသည်။ ၀ိုင်းနမ်းကြသူများလည်း မတွေ့ရ။ ဓါတ်ပုံလည်း မရိုက်ကြပေ။ ကပ္ပလီတစ်ယောက်က သေနတ်နှင့် ထပစ်သောကြောင့် ထပြေးကြရသေးသည်။ ဂုဏ်ပြုခြင်းဖြစ်သည်ဟု ပြောသည်။ "အကောင်းဆုံးသရုပ်ဆောင် ဆုကိုတော့ မြန်မာနိုင်ငံမှ သာဂိက မီးမလာတဲ့ရက်များထဲက ပျက်တဲ့တစ်ည ဇာတ်ကားနဲ့ ရရှိသွားပါတယ်။ "ထို့နောက် ဖြတ်ခနဲဆို မီးများ ပိတ်ကျသွားသည်။ ထောင်ချီသော လူအုပ်ကြီးထဲမှ ဟာခနဲဆိုသောအသံက ၀ုန်းဆို ပြဲထွက်လာသည်။ မင်းသားကြီးကိုတော့ လုံးလုံးမမြင်ရတော့ ချေ။ ဆောင်းဘောက်(စ်)မှ မင်းသားအသံက ကွဲထွက်လာသည်။ "ဘာမှ မဖြစ်ပါဘူး ခင်ဗျာ။ စိတ်မပူကြပါနဲ့ မြန်မာနိုင်ငံက ဆုရသွားတဲ့အတွက် ရန်ကုန်မြို့ထုံးစံအတိုင်း ဂုဏ်ပြုတာပါ။ အားလုံး အချိန်အကန့်သတ်မရှိ ငြိမ်ပြီး ဂုဏ်ပြုပေးရန် မေတ္တာရပ်ခံပါတယ်။ ကျွန်တော့်တို့ စက်ဆရာအဖွဲ့မှ မီးစက်သွား နိုးနေပါတယ်။" ပရိသတ်များထံမှ အသံများ ကျွတ်စီ၊ တာယာစီ၊ ဂွေစီများ ထွက်ပြီး ငြိမ်သွားကြသည်။ ခဏအကြာ မီးများက ပြန်လင်းလာသည်။ မင်းသားကြီးကိုတော့ မမြင်ရပေ။ မီးပြန်လာမှ ၀ိုင်းနမ်းကြသူများ၊ လက်ဆွဲနူတ်ဆက်သူများ၊ ဂုတ်ခွစီးသူများ၊ ဓါတ်ပုံရိုက်သူများ၊ ကင်မရာနှင့် အားမရလို့ တုတ်နှင့်ဝင်ရိုက်သူများဖြင့် ကျွတ်ကျွတ်ညံသွားလေသည်။ အားလုံးပြီးသောအခါ သာဂိတစ်ယောက်ခေါင်း မှာ သွေးစက်များဖြင့် ရယ်ကာ လိုက်ကာကြီးကို လက်ပြနေလေသည်။ အကုန်လုံးကြောင်သွားကြသည်(လေးဖက်ကြီး)။ သွေးများစီးကျနေသောကြောင့် ဘာမျှမမြင်ရပေ။
        ဆုများကို ကြေငြာပြီး ဖြစ်သောကြောင့် ဆုယူရန် စင်ပေါ်သို့ ကြွရောက်ဖို့ ဆုရသူများကို စင်ပေါ်သို့ စုတက်လာရန် ဖိတ်ကြားအပ်ပါသည်။ ဆုရသူ သုံးယောက်စင်ပေါ်သို့တက်လာသည်။ ပထမတစ်ယောက် က ဂျပန်နပမ်းသမားကြီးဖြစ်သည်။ လှုပ်လှုပ်နှင့်စင်ပေါ်တက်လာသည်။ သူက အိုက်တက်ရင် ပန်ကာဝယ် ဇာတ်ကားထုတ်လုပ်သူဖြစ်သည်။ သူ့ရဲ့ ကျေးဇူးတင်စကားကတော့ "သည်ဇာတ်ကားကို ထုတ်လုပ်ဖို့ ကျွန်တော် ဆယ်နှစ်ကြာ ပိုက်ဆံဆုရပါတယ်။ လမ်းဘေးမှာ ပလက်စတစ်ကောက် ၊ပိုးကောင်းလေးတွေ ဖမ်းစားတဲ့ဘ၀ကနေ စတင်ပြီးဆုခဲ့တာ ယန်းငွေ 100 ကျော်စုမိပါတယ်။ ဆယ်နှစ်ကြာစုပြီး ယောက္ခမသေတော့ အမေရိကန်ဒေါ်လာ 10 ဘီလီယံလောက်ရပြီး ဒီကားကို ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော့် ယောက္ခမက မာဖီးယားဂိုက်ချုပ်ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။" နောက်တစ်ယောက်ကတော့ အီသီယိုးပီးယား ဒါရိုက်တာဖြစ်သည်။ လူပုံစံကတော့ ဗေလုဝစတိုင် အတိုင်းပင်။ စင်ပေါ်ကို ထမ်းစင်နှင့် ခေါ်လာရသည်။ သူက အီသီယိုးပီးယားမှာ အစာငတ်ခံဆန္ဒပြနေတုန်း ဖမ်းခေါ်လာခြင်းဖြစ်သည်။ ဒါတောင် မလိုက်ဘူးဟု ငြင်းနေသေးသည်။" ကျွန်တော် ဒီကားကို ရိုက်ဖြစ်ပုံက ဆန်းကြယ်ပါတယ်။ တစ်နေ့မှာ ကျွန်တော် အိပ်မက်မက်ပါတယ်။ အိပ်မက်ထဲမှာ ကျွန်တော်ဟာ တိမ်တွေပေါ်မှာ လမ်းလျှောက်နေရပါတယ်။ ခဏအကြာ ကျွန်တော်ဗိုက်ထဲက တဂွီဂွီဆာလာပါတော့တယ်။ အဲ့ဒီမှာ ကျွန်တော်အိပ်မက်က လန့်နိုးပါတယ်။ အဲ့ဒါနဲ့ ဒီဇာတ်ကားကို ရိုက်ဖြစ်ခဲ့ပါတယ်။ "ပရိသတ်ထဲမှာ အသံလေး တစ်သံ ထွက်လာသည်။ ဘာမှလည်း မဆိုင်ဘူး..ဟု။ "နောက်တစ်ယောက်ကတော့ ဆိုမာလီနိုင်ငံသား ပင်လယ်ဓါးပြဖြစ်ပါတယ်။ သူကတော့ ဒီနေ့ဆုလာမယူနိုင်ပါဘူး။ တရုတ်သဘောင်္ကို ဓါးပြသွားတိုက်နေရပါတယ်။ သူ့အစား မြန်မာနိုင်ငံမှ ဂုဏ်သရေရှိ ဓါးပြတစ်ဦးမှ တက်ယူမှာဖြစ်ပါတယ်။ "နောက်ဆုံးတစ်ယောက်ကတော့ မြန်မာနိုင်ငံသား သာဂိဖြစ်ပါတယ်။ သူရဲ့ရင်တွင်းစကားသံလေးကတော့ "ကျွန်တော် ဒီဆုရဖို့ မမျှော်လင့်ပါဘူး။ လိုချင်လို့သာ လာခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ကျွန်တော်ရိုက်ဖြစ်ခဲ့တာက ရန်ကုန်မြို့သူမြို့သားတွေရဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကျွန်တော်တို့ တစ်ရက်တည်းနဲ့ အပြီးရိုက်ခဲ့တာပါ။ မြန်မာငွေ ဆယ်သိန်းလောက်ပဲကုန်ပါတယ်။ ဒီဇာတ်ကားမှာ ကျွန်တော်ပဲမင်းသား၊ ကျွန်တော်ပဲ ဒါရိုက်တာ၊ ကျွန်တော်ပဲ ပရိုဂျူဆာ ဖြစ်ပါတယ်။ 
        ထို့နောက်မှာတော့ ဆုရရှိသူများကို ဆုများပေးအပ်ပွဲ အခမ်းနားကျင်းပသည်။ အကောင်းဆုံးဇာတ်ကားဆုရ ထုတ်လုပ်သူ ဂျပန်းနပမ်းသမားကြီးအား ဂျမ်ဘို ခြင်ဆေးခွေ တစ်ဘူး၊ အကောင်းဆုံးဒါရိုက်တာ ဆုရ အီသီယိုးပီယားမှာ ဒါရိုက်တာ အီစီကလီအား ပေါင်မုန့်တစ်လုံး(ပေါင်မုန့်ရသဖြင့် ဒါရိုက်တာကြီးမှာ အတော်ပျော်သွားလေသည်။ ပြီးတော့ အငမ်းမရစားလေသည်)၊ အကောင်းဆုံးနောက်ခံတေးဂီတဆုရ ဆိုမာလီနိုင်ငံမှ ပင်လယ်ဓါးပြများအား အရုပ်သဘောင်္လေးတစ်စင်း(အတော်လက်ရမြှောက်သည်။မြင်တာနှင့် ဓါးပြတိုက်ချင်စရာကောင်းသည်)၊ အကောင်းဆုံး သရုပ်ဆောင်ဆုရ မြန်မာပြည်မှာ မင်းသားသာဂိအား မီးချောင်းတစ်ချောင်း၊ ဘတ်ထရီအိုးတစ်လုံး နှင့် မီးအားမြှင့်စက်တို့အား ဆုအဖြစ်ချီးမြှင့်သည်။ ထိုနောက့်မှာတော့ အခမ်းနားပြီးဆုံးကြောင်း ကြေငြာကာ ဆုပေးပွဲအခမ်းနားအား ရုပ်သိမ်းလိုက်လေသည်။ ဖိတ်ကြားထားသော ဧည့်သည်များနှင့် တက်ရောက်လာသော ဂုဏ်သရေရှိလူကြီးများအား ဂုံနီအိတ်တစ်လုံးစီ လက်ဆောင်အဖြစ် ပေးအပ်သည်။ ထို့နောက် အီရက်မှ အသေခံဗုံးခွဲသမားများမှ အိုစမာဘင်လာဒင်အား ဂုဏ်ပြုသည့် အနေဖြင့် ၀င်ရောက်ဗုံးခွဲရာ လူငါးထောင်ကျော် သေဆုံးကာ၊ သုံးထောင်ကျော်မှာ ပွဲချင်းပြီး၍ ကျန်နှစ်ထောင်မှာ ဆေးရုံမှာသေဆုံးလေသည်။


(မည်သူ့ကိုမှ မရည်ရွယ်ပါ တမင်တကာ စောင်းမြောင်းရေးလိုက်ခြင်းဖြစ်၍ တိုက်ဆိုင်မှုရှိပါက မသိချင်ယောင်ဆောင်နေကြပါရန် မေတ္တာကို အလျားလိုက်ခံအပ်ပါသည် :P)

Sunday, January 15, 2012

ရာဇ၀င်တို့ရဲ့ သူရဲကောင်းများ..သို့

ဒီမိုကရေစီ သူရဲကောင်းတွေ



ဒီမိုကရေစီ
သူတို့ လက်တွေကိုမြှောက်
ရင်ကော့လျှောက်ကာ
ကျည်ဆံအောက်မှာ ဒူးမထောက်ကြဘူး
.......
သမိုင်းကပေး
တာဝန်ကို ပွေ့ထွေးကာ
တိုင်းပြည်ရာဇ၀င် ၀င်ရေးကြတဲ့ အမည်မသိသူရဲကောင်းတွေ
ကမ္ဘာမြေက စောင့်ရှောက်ပါစေ
........
ဒီနေ့တော့ 
တို့တွေ အောင်ကြပြီ
သွေးတွေနဲ့ စိုက်ခဲ့တဲ့အပင်ဟာ
အရွက်တွေတဖားဖားနဲ့ တင့်တယ်လို့လှပ
ကြယ်တွေ မစုံတော့တဲ့ညမှာ
(ဒါဟာ တကယ်ဝမ်းနည်းစရာပါ)
..........
တချို့က ငိုကြ၊ တချို့ကလည်း ရယ်ကြ
ဘ၀ဆိုတာ ဘယ်လိုရှင်သန်ရသလဲ
ကျောင်းသားတွေက သင်လို့ပြ
သြော်....
အမျှ...အမျှ....အမျှ
မစားဘဲ စွန့်ခဲ့သူတွေအတွက်
မျက်ရည်တွေနဲ့ ရေစက်ချ

***********

Saturday, January 14, 2012

ထီးမပါလို့ပါ

တစ်ခါက လူတစ်ယောက်ဟာ သေလွန်ပြီးနောက် ကောင်းကင်ဘုံကို ရောက်ရှိလာပါတယ်။ ထို့နောက်ဘုရား သခင်နဲ့တွေ့ပြီး သူ့အပြစ်တွေကို ၀န်ခံပါတယ်။
 လူသား။ ။ဘုရားသခင် ကျွန်တော်ဘုရားသခင်ထံမှာ ကျွန်တော်ရဲ့အပြစ်တွေကို ၀န်ခံချင်ပါတယ်။

ဘုရားသခင်။ ။ရပါတယ် ချစ်သား။ ချစ်သားရဲ့အပြစ်တွေကို ၀န်ခံလို့ရပါတယ်။

လူသား။ ။ကျွန်တော်လူ့ဘ၀တုန်းက အပြစ်တွေအများကြီးလုပ်ခဲ့မိပါတယ်။ အဲ့ဒီအပြစ်တွေကို ဘုရားသခင် ခွင့်လွှတ်ပေးစေချင်ပါတယ်။

ဘုရားသခင်။ ။ခွင့်လွှတ်ပေးပါမယ် ချစ်သား။ပြောပါ။

လူသား။ ။ကျွန်တော်လူ့ဘ၀မှာတုန်းက အိမ်ထောင်ရှိပါတယ်။ တစ်နေ့မှာကိစ္စတစ်ခုနဲ့ ကျွန်တော့်ရဲ့ မရီးဆီကို သွားရပါတယ်။ အဲ့ဒီနေ့က သူတစ်ယောက်တည်းရှိပါတယ်။ ကိစ္စပြီးလို့ ပြန်ခါနီးမှာ မိုးတွေက အရမ်းကိုရွာပါတယ်။ ကျွန်တော့်မှာ ထီးလည်း မပါခဲ့ပါဘူး။ အဲ့ဒါနဲ့ မိုးတိတ်အောင်စောင့်ရင်း ကျွန်တော့်မရီးနဲ့ မှောက်မှားခဲ့မိပါတယ်။

ဘုရားသခင်။ ။ ရပါတယ် ချစ်သား။လူဆိုတာ တကြိမ်တစ်ခါတော့ မှားယွင်းတတ်ကြပါတယ်။

လူသား။ ။မပြီးသေးပါဘူး။ နောက်တစ်နေ့ကျတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုသွားပါတယ်။ အဲ့ဒီနေ့က သူငယ်ချင်းက မရှိပါဘူး။ သူ့ညီမလေး တစ်ယောက်တည်းပဲ ရှိပါတယ်။ သူငယ်ချင်းမရှိလို့ ပြန်မယ်လုပ်တုန်း  မိုးတွေက အရမ်းရွာလာပါတယ်။ ကျွန်တော့်မှာ ထီးကလည်း မပါပြန်ပါဘူး။ အဲ့ဒါ မိုးတိတ်အောင်စောင့်ရင်း သူငယ်ချင်းရဲ့ ညီမလေးနဲ့ မှောက်မှားခဲ့မိပါတယ်။

ဘုရားသခင်။ ။ ရပါတယ် ချစ်သား။ ဘ၀မှာလူတွေဟာ ခဏခဏမှားတတ်ကြပါတယ်။

လူသား။ ။မပြီးသေးပါဘူး။ နောက်တစ်ခါ ကျွန်တော့်အဒေါ်အိမ်ကို သွားပါတယ်။ အဲ့ဒီနေ့က အဒေါ်က အလုပ်ကိစ္စနဲ့ အပြင်ကိုသွားပါတယ်။ အိမ်မှာ သူမွေးစားထားတဲ့ ကောင်မလေးတစ်ယောက်ပဲရှိပါတယ်။ ပြန်ခါနီးမှာ မိုးကရွာလာပြန်ပါတယ်။ထီးကလည်း မပါပြန်ပါဘူး။ အဲ့ဒါနဲ့ မိုးတိတ်အောင်စောင့်ရင်း အဒေါ့်ရဲ့ မွေးစားသမီးလေးနဲ့ မှောက်မှားခဲ့မိပါတယ်။

ဘုရားသခင်။ ။ရပါတယ် ချစ်သား။ လူတွေဟာ တစ်ခါတလေမှာ စိတ်လွတ်ကိုယ်လွတ်ဖြစ်တတ်ပါတယ်။

လူသား။ ။မပြီးသေးပါဘူး။ နောက်တစ်ခါ ကျွန်တော့်ဘကြီးအိမ်ကို သွားရပါတယ်။ ဘကြီးက မရှိပါဘူး။ သူ့အိမ်မှာ ကောင်လေးတစ်ယောက်ပဲရှိပါတယ်။ အဲ့ကောင်လေးကလည်း နွဲ့တဲ့တဲ့နဲ့ အခြောက်ကလေးပါ။ ဘကြီးမရှိလို့ ပြန်မယ်လုပ်တော့ မိုးကရွာပြန်ပါတယ်။ ထီးကလည်း မပါပြန်ပါဘူး။ အဲ့ဒါ မိုးတိတ်အောင်စောင့်ရင်း အဲ့ကောင်လေးနဲ့ လည်း မှောက်မှားခဲ့မိပါတယ်။

ဘုရားသခင်။ ။ရပါတယ်ချစ်သား။ ခွင့်လွှတ်ပေးပါ့မယ်။

အဲ့အချိန် ကောင်းကင်ဘုံမှာ တိမ်တွေမည်းပြီးညို့လာတယ်။ ခဏကြာတော့ မိုးစက်ကလေးဖွဲဖွဲနဲ့ ကျလာတယ်။ သိပ်မကြာခင်ပဲ မိုးတွေရွာလာပါတော့တယ်။ အဲ့ဒီအခါ ဘုရားသခင်က လူသားကို အလန့်တကြားထအော်တယ်။
 “ဟေ့မင်းငါ့ဆီ လာတာရော ထီးပါခဲ့ရဲ့လား”

Friday, January 13, 2012

အချစ်

“ရင်မှာ ဖြစ်သော” 
ကိုယ်က 
စာအုပ် တစ်အုပ်ပါ
မင်းလက်နဲ့ ရင်ကိုရေးသွား
ငြိမ်သက်စွာ ကျေနပ်မှာ
......
ကိုယ်က 
ဖန်မီးအိမ် တစ်လုံးပါ
မင်းကဗျာတွေ ဖတ်တဲ့အခါ
လင်းတောက်စွာ လဲ့ဖြာပေးမှာ
........
ကိုယ်က
ပြတင်းတံခါးလေးတစ်ခုပါ
မင်းလက်ထောက်မှေးမှီ အပြင်ကိုငေးကြည့်တဲ့အခါ
လုံခြုံနွေးထွေးစွာ ခိုင်မတ်ပေးမှာ
..........
ကိုယ်က
မင်းရဲ့ ပထမဆုံးရည်းစားစာလေးပါ
မင်းအမှတ်တရ ထုတ်ကြည့်ဖို့ကို
ရင်ခုန်စွာနဲ့ စောင့်နေတာ
...........

Friday, January 6, 2012

အဖေ..သို့



သွားတော့ အဖေရေ

ဘယ်တော့မှ ပြန်မရွေးနိုင်တဲ့

သေခြင်းတရားဆီ အဖေ့ကို

 ရောင်းခဲ့ရပြီ

ကျွန်တော့်တို့က အဖေ့ကို လက်ပြ

အဖေ့က ကျွန်တော်တို့ကို လက်ပြ

ဘ၀ဆိုတာ ဒီလိုပါပဲ

တစ်နေ့ကျတော့

ကောင်းကင်နဲ့ မြေကြီး

တစ်ခုခုထဲကို လွင့်မျောသွားကြတာပါပဲ

လူ့ဘ၀ဆိုတာ

ဘောပွဲတစ်ပွဲလို ပါပဲ အဖေရယ်

အနိုင်ရဖို့ ရုန်းကန် ကြိုးစားရင်း

တစ်ဝက်တစ်ပျက်နဲ့လည်း

အားလုံးကို လက်ပြနူတ်ဆက်ကြရတာပါပဲ

ကျွန်တော်တို့လည်း 

ပွဲပြီးထိ တောင့်ခံနိုင်မလားဆိုတာ

ရာနူန်းပြည့်တောင် မရေရာ မသေချာပါဘူး အဖေ

အဖေပြောဖူးတဲ့ စကားလိုပဲ

အချိန်တန်တော့လည်း အိမ်ပြန်ချိန်ဆိုတာ

ဘယ်ဆီမှာမှန်းမသိရင်

တကယ့်ကို လွမ်းမောစရာကြီးပါ အဖေရာ

..............